မောင်ငယ် ၏ Blog မှနွေးထွေးပျူငှာလှိုက်လှဲစွာကြိုဆိုပါ၏ အားလုံး ဒုက္ခခပ်သိမ်း ငြိမ်းအေး အောင်နိုင်ပါစေ...ကိုယ်၏ ကျန်းမာခြင်း၊ စိတ်နှလုံး အေးမြခြင်းဖြင့် ပြည့်စုံကြပါစေ...

Wednesday, January 27, 2010

၎။ ဥဒ္ဓစ္စ

  
    စိတ်ရဲ့ပျံ့လွင်ခြင်း, စိတ်ရဲ့ အထင်သို့လွင့်တက်ခြင်း, စိတ်ရဲ့ မငြိမ်သက်ခြင်း သဘောကို ဥဒ္ဓစ္စလို့ ခေါ်ပါတယ်၊ ဥဒ္ဓစ္စနှင့် ယှဉ်တဲ့စိတ်က အာရုံတစ်ခုပေါ်မှာ ငြိမ်သက်စွာ တည်မနေနိုင်ပါဘူး၊ အထက်အထက်သို့ လွင့်ကာလွင့်ကာ တက်နေသလို ဖြစနေပတယ်၊ လေအဟုန် တိုက်ခတ်တဲ့အတွက်ရေပြင်က မငြိမ်မသက် ဖြစ်ရသလို အာရုံကို ငြိမ်သက်စွာ မယူနိုင်ခြင်းဟာ ဥဒ္ဓစ္စရဲ့ သဘောဖြစ်ပါတယ်။
    အလံတိုင်ရဲ့ အပေါ်မှာ ဆွဲထားတဲ့ အလံဟာ ကောင်းစွာ တည်တံ့မနေဘဲ လေတိုက်တိုင်း လွင့်ကာလွင့်ကာ နေသလို အာရုံတစ်ခုပေါ်မှာကောင်းစွာ မတည်နိုင်ခြင်းဟာလဲ ဥဒ္ဓစ္စရဲ့ ကိစ္စပဲ ဖြစ်ပါတယ်။
    ဒီလို အာရုံတစ်ခုပေါ်မှာ ကောင်းစွာ မတည်ခြင်းကိစ္စနှင့် ဥဒ္ဓစ္စရဲ့ ယူပေးမှုကြောင့် ယှဉ်ဘက်တရားတွေကလဲ အာရုံကိ တည်တံ့စွာ မယူနိုင်ကြပါဘူး၊ ဧကဂ္ဂတာလို့ခေါ်တဲ့ သမာဓိကတောင်မှ ဥဒ္ဓစ္စနှင့် ယှဉ်ခိုက်မှာ အာရုံကို ယူမိရုံမျှသာ တည်နိုင်ပါတယ်၊ အခြားယှဉ်ဘက်စိတ်များမှာ ယှဉ်ရသလို ကျကျနန စိတ်အစဉ်တည်တံ့အောင် မယူနိုင်ပါ။
    ဒါ့ကြောင့် ဥဒ္ဓစ္စဟာ ပြာပုံတစ်ခုပေါ်သို့ ကျောက်ခဲကို ပစ်ထည့်လိုက်တဲ့အခါ ထောင်းကနဲ လွင့်တက်လာတဲ့ ပြာတွေလို အာရုံတစ်ပေါ်မှာ ငြိမ်သက်စွာ မတည်နိုင်ဘဲ ဟိုအာရုံရောက်လိုက်, ဒီအာရုံရောက်လိုက် ဖြစ်နေတတ်ပါတယ်၊ ဒီဥဒ္ဓစ္စနှင့် အတူဖြစ်တဲ့ စိတ်ကလဲပဲ စိတ်လေစိတ်လွင့် ဖြစ်လာပါတော့တယ်၊ ဥဒ္ဓစ္စအားကြီးနေတဲ့အခါ လူ့တစ်ကိုယ်လုံးလဲ မငြိမ်မသက် ဖြစ်နေရတဲ့အတွက် လူလေလူလွင့် လူ့ဘော်ကျော့ ဖြစ်လာတတ်ပါတယ်။
    ဥဒ္ဓစ္စက သ့ပင်ကိုယ်သဘောအနေနဲ့ ဘယ်အာရုံမှာမျှ တည်တည်တံ့တံ့ မရှိ၊ ဟိုအာရုံရောက်လိုက်, ဒီအာရုံရောက်လိက်နဲ့ ပျံ့လွင့်နေတဲ့အတွက် မကောငးဆိုးဝါး အကုသိုလ်တရား ဖြစ်နေပေမယ့် ဘယ်ဒုစရိုက်ကိုမျှ ထိထိမိမိ မပြုတဲ့အတွက် လောဘ, ဒေါသ-စသည်တို့လို အပါယ်ကျရောက်အောင် သတ္တိအင်အား မကြီးမားလှပါ။
    ဒီမောဟ, အဟိရိက, အနောတ္တပ္ပ, ဥဒ္ဓစ္စဆိုတဲ့ တရား ၄-ခုဟာ အကုသိုလ်ဖြစ်တိုင်းမှာ ပါဝင်နေပါတယ်၊ ဒါ့ကြောင့် ဒီစေတသိက် ၄-ပါးကို "သဗ္ဗာကုသလသာဓာရဏစေတသိက်"လို့လဲ ခေါ်ကြပါတယ်။
[ဗုဒ္ဓအလိုတော်ကျ ကြီးပွားချမ်းသာရေး ကိုယ်ကျင့်မင်္ဂလာ၊ မြောင်းမြပဇ္ဇောတာရုံနှင့် မှော်ဘီ သာသနာ့ဝန်ဆောင်ဆရာတော် အရှင်ကုမာရ] စာအုပ်မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment