မောင်ငယ် ၏ Blog မှနွေးထွေးပျူငှာလှိုက်လှဲစွာကြိုဆိုပါ၏ အားလုံး ဒုက္ခခပ်သိမ်း ငြိမ်းအေး အောင်နိုင်ပါစေ...ကိုယ်၏ ကျန်းမာခြင်း၊ စိတ်နှလုံး အေးမြခြင်းဖြင့် ပြည့်စုံကြပါစေ...

Wednesday, January 27, 2010

၁။ မောဟ (အ၀ိဇ္ဖာ)

    အာရုံမှာ တွေဝေစေတတ်တဲ့အတက် "မောဟ" လို့ခေါ်ပါတယ်၊ ဒီမောဟဟာ ဥာဏ်ရဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်၊ အာရုံမှာ တွေဝေစေတယ်ဆိုပေမဲ့ ၀ိစိကိစ္ဆာသဘောကို မဆုံးဖြတ်နိုင်ဘဲ ဝေတေတေဖြစ်နေတာမျိုး မဟုတ်ပါဘူး၊ အာရုံရဲ့ အမှန်သဘောကို မသိတာဘဲ ဖြစ်ပါတယ်၊ ဒါ့ကြောင့် အာရုံရဲ့ အမှန်သဘောကိ မသိခြင်းသဘောလို့ ဆိုထားခဲ့ပါတယ်။
    ဘ၀င်ကျလို့ အိပ်ပျော်နေသလို မသိရုံသက်သက်လဲ မဟုတ်ပါဘူး၊ ဥာဏ်ကအမှန်ကို သိပြီး မောဟက အမှားကို သိပါတယ်၊ ဒါ့ကြောင့် ဥာဏ်ရဲ့ဆန့်ကျင်ဘက်ဖြစ်တယ်လို့လဲ ဆိုရပါတယ်။
    ဒီမောဟဟာ သိသင့်တဲ့ အရာဌာနကို မိမိကိုယ်တိုင်လဲ မသိတတ်၊ မိမိနှင့် ဖြစ်ဖော်ဖြစ်ဖက် (ယှဉ်ဘက်) အကုသိုလ်စေတသိတ်များနှင့် မိမိဖြစ်နေတဲ့ ပုဂ္ဂိုလ်ကိုလဲ မသိစေတတ်၊ ဒါ့ကြောင့် ဒီမောဟကို "အ၀ိဇ္ဖာ"လို့လဲ ခေါ်ပါသေးတယ်။
    အဘိဓမ္မာသဘောအရ ပြောရမယ်ဆိုရင် သစ္စာ ၄-ပါး, ပုဗ္ဗန္တ, အပရန္တ, ပုဗ္ဗန္တာပရန္တ, ပဋိစ္စသမုပ္ပာယ်-ဒီ ၈-ဌာနတွေ ဖြစ်ပါတယ်။
    အဲဒီ ၈-ဌာနအနက် ဘုံ ၃-ပါးမှာ ရှိရှိသမျှ ရုပ်နာမ်တွေဟာ ဒုက္ခသစ္စာတွေချည်း ဖြစ်ကြပါတယ်၊ အဲဒီဒုက္ခတွေကို ဒုက္ခလို့ မသိနိုင်ခြင်းဟာ ဒုက္ခသစ္စာကို ဖုံးလွှမ်းတတ်တဲ့ အ၀ိဇ္ဖာရဲ့ သတ္တိပဲဖြစ်ပါတယ်၊ အလားတူပဲ အဏှာလောဘကို ဒုက္ခဖြစ်ကြောင်းမှန်း မသိခြင်းဟာ သမုဒယသစ္စာကို ဖုံးလွှမ်းတ်တဲ့ အ၀ိဇ္ဖာရဲ့ သတ္တိပဲဖြစ်ပါတယ်၊ နိဗ္ဗာန်ကို ဒုက္ခချုပ်ရာမှန်း မသိခြင်းဟာ နိရောဓသစ္စာကို ဖုံးလွှမ်းတတ်တဲ့ အ၀ိဇ္ဖာရဲ့ သတ္တိပဲဖြစ်ပါတယ်၊ မဂ္ဂင် ၈-ပါးကို နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းလမ်းမှန်မှန်း မသိခြင်းဟာ မဂ္ဂသစ္စာကို ဖုံးလွှမ်းတတ်တဲ့
အ၀ိဇ္ဖာရဲ့ သတ္တိပဲ ဖြစ်ပါတယ်။
    အချို့ပုဂ္ဂိုလ်များက ရှေးအတိတ်ဘ၀မှာ ဖြစ်ခဲ့ကြတာကို မယုံကြည်ကြဘူး၊ ယခုဘ၀မှာ ထာဝရဘုရား-စသူတို့က ဖန်ဆင်းလို့ ဖြစ်လာရတယ်လို့ မှတ်ထင်တတ်ကြပါတယ်၊ ဒါပေမယ့် နောက်ဘ၀မှာ ဆက်ကာဆက်ကာ ဖြစ်ရဦးမယ်-ဆိုတာကိုတော့ ယုံကြည်ပါတယ်၊ ဒီပုဂ္ဂိုလ်ရဲ့ အ၀ိဇ္ဖာက အတိတ်ဘ၀မှာဖြစ်တဲ့ ခန္ဓာ, အာယတန, ဓာတ်အစုမှာ ဖုံးလွှမ်းတတ်တဲံအ၀ိဇ္ဖာ ဖြစ်ပါတယ်။ [ ပုဗ္ဗန္တ-ရှေးအတိတ်+အန္တ-အဖို့အစု။]
    အချို့ကတော့ ရှေးအတိတ်က ဖြစ်ခဲ့တာကို ယုံကြည်ပါတယ်၊ ဒါပေမယ့် ရဟန္တာမဖြစ်သေးသမျှ နောက်ဘ၀မှာ ဆက်ကာဆက်ကာ ဖြစ်ရဦးမယ်ဆိုတာကိုတော့ မယုံကြည်ဘူး၊ သေရင်ပြတ်တာပဲဆိုတဲ့ ဥစ္ဆေဒဒိဌိဘက်ကို သက၀င်နေပါတယ်၊ အဲဒီပုဂ္ဂိုလ်ရဲ့ အ၀ိဇ္ဖာကတော့ နောက်နောက်ဘ၀မှာဖြစ်တဲ့ ခန္ဓာ, အာယတန, ဓာတ်အဖို့အစုကို ဖုံးလွှမ်းတဲ့ အ၀ိဇ္ဖာမည်ပါတယ်။ [အပရ-နောက်အနာဂတ်+အန္တ-အဖို့အစု။]
    အချို့ပုဂ္ဂိုလ်ကတော့ ရှေ့ဘ၀ကိုရော, နောက်ဘ၀ကိုရော မယုံကြည်ဘူး၊ အဲဒီပုဂ္ဂိုလ်ရဲ့ အ၀ိဇ္ဖာက ရှေ့နောက်ဖြစ်တဲ့ ခန္ဓာ, အာယတန, ဓာတ်အစုကို ဖုံးလွှမ်းတတ်တဲ့ အ၀ိဇ္ဖာ ဖြစ်ပါတယ်။
    ဒါ့အပြင် အ၀ိဇ္ဖာက ပဋိစ္စယသမုပ္ပာယ်တရားကိုလဲ ဖုံးလွှမ်းတတ်ပါသေးတယ်၊ အ၀ိဇ္ဖာ-စသည်က အကြောင်းသင်္ခါရ-စသည်က အကျိုး၊ အ၀ိဇ္ဖာ-စတဲ့အကြောင်းတွေကြောင့်သာ သင်္ခါရ-စတဲ့ အကျိုးတရားများ ဖြစ်ကြရတယ်လို့ နားမလည်အောင်အ၀ိဇ္ဖာက ဖုံးလွှမ်းကာကွယ်ထားပါတယ်။
    ဒီအ၀ိဇ္ဖာက အဆင့်ဆင့်ကို ထောက်ဆလို့ အထူအပါးလဲ ကွဲပြားပါသေးတယ်၊ ကုသိုလ်မှန်း, အကုသိုလ်မှန်းမသိအောင် ဖုံးလွှမ်းထားတဲ့ အ၀ိဇ္ဖာက အလွန်ထူပိန်းတဲ့ အ၀ိဇ္ဖာဖြစ်ပါတယ်၊ ကုသိုလမှန်း, အကုသိုလ်မှန်းသိတဲ့အပြင် အကုသိုလ်ပြုခွင့်ကြုံရင် ရှောင်ကြဉ်ပြီး ကုသိုလ်ကောင်းမှုကို မတွန့်မဆုတ် လုပ်တတ်ရင် အ၀ိဇ္ဖာ အတော်ပါးပြီလို့ ဆိုသင့်ပါတယ်၊ သိုသော် အ၀ိဇ္ဖာကင်းရန်မှာကား ဝေးကွာလှပါသေးတယ်၊ သစ္စာ ၄-ပါးကိုသိလို သောတပန်, သကဒါဂါမ်, အနာဂါမ်ဖြစ်တောင်မှ အဆင့်ဆင့်ပါးသည်ထက်ပါးရုံသာ ရှိပါသေးတယ်၊ ရဟန္တာဖြစ်မှသာ အ၀ိဇ္ဖာကင်းသွားပါတယ်၊ အကြွင်းမဲ့ ပျက်စီးသွားပါတယ်။
  
မောဟ ၃-မျိုး
    ဒီအ၀ိဇ္ဖာခေါ်တဲ့ မောဟကာ ကိလေသာထဲမှာ ပါဝင်တဲ့တရားတစ်မျိုးဖြစ်ပါတယ်၊ ကိလေသာတွေမှာ အနုသယအခိုက်, ပရိယုဌာနအခိုက်, ၀ီတိက္ကမအခိုက်ရယ်-လို့ အခိုက်အတန့် ၃-မျိုး ရှိပါတယ်။
    ၁။ သတ္တ၀ါတွေရဲ့ သန္တာန်မှာ အစဉ်ကိန်းဝပ် လိုက်ပါနေတတ်တဲ့ ကိလေသာကို အနုသယလို့ ခေါ်ပါတယ်၊ ငုတ်ဓာတ်,၀ပ်ဓာတ်, မျိုးစေ့ဓာတ်သဘောမျိုး ဖြစ်ပါတယ်၊ အဲဒီအနုသယ ကိလေသာကို မဂ်နဲ့သာ ပယ်သတ်နိုင်ပါတယ်။
    ၂။ သင့်တော်တဲ့အကြောင်းနှင့် တွေ့ဆုံတိုက်ဆိုင်လာလို့ရှိရင် ငုတ်ဓာတ်, ၀ပ်ဓာတ်သဘောက ထကြွလာတဲ့ကိလေသာကိုတော့ ပရိယုဌာနလို့ ခေါ်ပါတယ်၊ ကိုယ်မှု, နှုတ်မှုမပါဘဲ ဇောစိတ်နှင့်အတူ ယှဉ်တွဲဖြစ်ပေါ်လာတဲ့ ကလေသာသဘောမျိုး ဖြစ်ပါတယ်၊ ဒီကလေသာမျိုး မဖြစအောင် ဈာန်သမာဓိနဲ့ အတော်ကြာကြာ ထိန်းထားနိုင်ပါတယ်။
    ၃။ ထကြွရုံမျှသာ မဟုတ်တော့ဘဲ ကိုယ်ဖြင့်ဖြစ်စေ, နှုတ်ဖြင့်ဖြစ်စေ ကျူးလွန်စော်ကားတဲ့အခိုက်မှာဖြစ်တဲ့ ကိလေသာကိုတော့ ၀ီိတိက္ကမကိလေသာလို့ ခေါ်ပါတယ်၊ ဒီကလေသာမျိုးကို သီလနဲ့ ထိန်းထားနိုင်ပါတယ်။
    ဒါ့ကြောင့် မောဟလဲပဲ ၁။ ငုတ်ဓာတ်, ၀ပ်ဓာတ်, မျိုးစေ့ဓာတ်အခိုက်မှာဖြစ်တဲ့ အနုသယမောဟ, ၂။ ဇောစိတ်နှင့်ယှဉ်တွဲလို့ ထကြွခိုက်မှာဖြစ်တဲ့ ပရိယုဌာနမောဟ, ၃။ ထကြွရုံမျှသာ မဟုတ်ပါဘဲ ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့ အခိုက်အတန့်မှာဖြစ်တဲ့ မောဟ-လို့ မောဟ ၃-မျိုးရှိနိုင်ပါတယ်။

ဟရိတစ-ရသေ့
    ဗာရာဏသီမြို့မှာ ရှင်အာနန္ဒာအလောင်း ဗြဟ္မဒတ်မင်းက မင်းပြုနေပါတယ်၊ အဲဒီအချိန်မှာ ဘုရားလောင်းက တောမြို့ကလေးတစ်မြို့မှာ ဟရိတစ-ဆိုတဲ့ ပုဏ္ဏားအမျိုးသားလုလင် ဖြစ်နေပါတယ်၊ သူ့အမေ အဖေတွေက ကုဋေ-၈၀ ပစ္စည်းဥစ္စာ ကြွယ်ဝသူတွေ ဖြစ်ကြပါတယ်။
    ဟရိတစအမျိုးသားက တက္ကသိုလ်မြို့ကို သွားပြီး ပညာသင်ပါတယ်၊ ပညာပြည့်စုံတဲ့အခါ ကိုယ့်ရပ်ကိုယ်ရွာကို ပြန်လာပါတယ်၊ အမိအဖတွေ ကွယ်လွန်သွားလို့ ကျန်နေတဲ့ ပစ္စည်းဥစ္စာတွေကို တွေ့ရတဲ့အခါ-
    "ပစ္စည်းဥစ္စာတွေကိုသာ တွေ့နေရတော့တယ်၊ ပစ္စည်းဥစ္စာကို စုဆောင်းထားခဲ့တဲ့ လူတွေကိုတော့ မတွေ့ရတော့ဘူး၊သေမင်းခေါ်ဆောင်ရာ ပါသွားကြရပြီ။ "
ဒီလို သံဝေဂရတာနဲ့ ပစ္စည်းဥစ္စာ အကုန်လံးကို လှူဒါန်းစွန့်ကြဲထားခဲ့ပြီး ဟိမ၀န္တာတောကို သွားလို့ ရသေ့လုပ်နေပါတယ်၊ ၇-ရက်မြောက်နေ့မှာပဲ ဈာန်အဘိညာဉ်တွေကို ရလာပါတယ်၊ သစ်ဥသစ်သီးတွေကို ရှာဖွေစားသောက်ရင်း ဟိမ၀န္တာမှာကြာရှည်လေးမြင့် နေလာခဲ့ပါတယ်။
    တစ်ချိန်မှာ ဟိမ၀န္တာက ဗာရာဏသီမြို့ကို ကြွလာပြီး မင်းဥယျာဉ်မှာ နေပါတယ်၊ နောင်တစ်နေ့ ဗာရာဏသီမြို့မှာဆွမ်းခံလှည့်လည်ရင်း မင်းနန်းတော် တံခါးနားကို ရောက်သွားပါတယ်၊ ရှင်ဘုရင်က ဟရိတစရှင်ရသေ့ကို တွေ့ရတယ်ဆိုရင်ပဲ ပါရမီ ဖြည့်ဘက် မိတ်ဟောင်းဆွေဟောင်း ဖြစ်နေတဲ့အတွက် အလွန်ကြည်ညိုလာပါတယ်၊ အခေါ်ခိုင်းပြီး ရာဇပလ္လင်ပေါ်မှာပင့်တင်ထားပါတယ်၊ ဆွမ်းကျွေးပြီးလို့ အနုမောဒနာတရားကို ကြားနာရတဲ့အခါ ပိုပြီးကြည်ညိုလာပါတယ်၊ ဒါနဲ့ဥယျာဉ်အတွင်းမှာ ကျောင်းဆောက်ကိုးကွယ်ထားပါတယ်၊ အဲဒီအချိန်ကစပြီး ဟရိတစ ရှင်ရသေ့က နေ့စဉ်နေ့တိုင်း ဘုရင့်နန်းတော်မှာပဲ ဆွမ်းစားနေပါတယ်၊ အဲဒီလို နေထိုင်ရင်း ၁၂-နှစ် ကြာလာပါတယ်။
    တစ်နေ့ကျတော့ နယ်စပ်မှာ ဆူပုသောင်းကျန်းနေတာကို နှိမ်နင်းရအောင်လို့ သွားခါးနီးမှာ ရှင်ဘုရင်က ဆရာရသေ့ကို မမေ့ရန် မိဖုရားအား အပ်နှံမှာကြားထားခဲ့ပြီး ထွက်ခွာသွားပါတယ်၊ အဲဒီအချိန်ကစပြီး မိဖုရားက ရှင်ရသေ့ကို ကိုယ်တိုင်ဆွမ်းလုပ်ကျွေးနေပါတယ်။
    တစ်နေ့မှာ မိဖုရားက ဆွမ်းတွေကို အဆင်သင့် စီမံပြင်ဆင်ထားပါတယ်၊ ရှင်ရသေ့က အလာနောက်ကျနေတာနဲ့ နံ့သာရေတွေနဲ့ ရေချိုးက နူးညံ့ချောမွေတဲ့ အ၀တ်ကို ၀တ်ထားပါတယ်၊ ပြတင်းပေါက်ကို အဖွင့်ခိုင်းပြီး ခုတင်ကလေးပေါ်မှာ လေညင်းခံကာ လဲလျောင်းနေပါတယ်။
    ဟရိတစရှင်ရသေ့ကလဲ အဘိညာဉ်အစွမ်းနဲ့ ကောင်းကင်ခရီးက ကြွလာရင်း တံခါးပေါက်နားကို ရောက်လာပါတယ်၊မိဖုရားက ရှင်ရသေံရဲ့ လျော်တေသင်္ကန်းသံကို ကြားရတာနဲ့ ဗြုံးကနဲ ထလိုက်တဲ့အခါ နူးညံ့ချောမွေတဲ့ အ၀တ်က မိဖုရားရဲ့ ခါးမှ လျှောကျသွာပါတယ်။
    ဒီတော့ မမြင်အပ်ရာကို မြင်တွေရတဲ့ ရှင်ရသေ့မှာ နှစ်ကုဋေသိန်းပေါင်းများစွာက ကိုယ်တွင်းမှာ ကိန်းဝပ်လိုက်ပါလာတဲ့ ကိလေသာတွေက ပခြုပ်ထဲမှာ များစွာက ကိုယ်တွင်းမှာ ကိန်းဝပ်လိုက်ပါလာတဲ့ ကိလေသာတွေက ပခြုပ်ထဲမှာ ကိန်းဝပ်နေတဲ့ မြွေဟောက်ကိ တုတ်နဲပ ထိလိုက်သလို ထကြွလာပြီး ဈာန်အဘိညာဉ်ကို ကွယ်ပျောက်စေပါတယ်၊ စိတ်ကို မထိန်းနိုင်တော့ဘဲ(သတိမထားနိုင်တော့ဘဲ) မိဖုရားရဲ့ လက်ကို ကိုင်ဆွဲလိုက်ပါတယ်။
    အဲဒီအခိုက်မှာပဲ နန်တွင်းသူတွေက ကန့်လန်ကာကို ကာပေးလိုက်ကြပါတယ်၊ ရသေ့ကြီးက မိဖုရားနှင့် ကျူးလွန်ဖောက်ပြားပါတော့တယ်၊ ဆွမ်းစားပြီးတဲ့အခါ ဥယျာဉ်ကို ပြန်သွားပါတယ်၊ အဲဒီနေ့ကစပြီး နေ့တိုင်း အလားတူပဲ ပြုကျင့်နေပါတော့တယ်၊ ဒီအကြောင်းဟာ တစ်မြို့လုံးမှာ ထင်ရှားနေပါတော့တယ်။
  
စီစစ်ချက်
    တက္ကသိုလ်ပညာကို ထိတ်တန်းရောက်အောင် သင်လာခဲ့တဲ့ ဟရိတစ ရှင်ရသေ့ရဲ့ သန္တာန်မှာ ဈာန်အဘိညာဉ်တွေကိုရထားပေမဲ့ မောဟ-စတဲ့ ကိလေသာတွေက အငုတ်ဓာတ်, အကိန်းဓာတ်အနေနဲ့ ရှိနေရက်ပဲ ဖြစ်ပါတယ်၊ ဒါက အနုသယအခိုက်ဖြစ်ပါတယ်။
    မိဖုရားရဲ့ ခါးဝတ် လျှောပြေကျတာကို တွေ့မြင်ရခြင်းဆိုတဲ့ သင့်တော်တဲ့ အကြောင်းနှင့် တိုက်ဆိုင်လာတဲ့အခါ အဲဒီအနုသယ ကိလေသာတွေက အကုသိုလ်ဇောစိတ်နှင့် ယှဉ်တွဲပြီး ထကြွလာကြပါတယ်၊ အဲဒီလို ထကြွလာတာနှင့် တစ်ပြိုင်နက် ရထားတဲံ ဈာန်အဘိညာဉ်တွေကလဲ ပျောက်ကွယ်သွားပါတော့တယ်၊ ဒါကတော့ ပရိယုဌာနအခိုက် ဖြစ်ပါတယ်။
    အဲဒီလို ထကြွလာတဲ့ အချိန်မှာ စိတကို မထိန်းနိုင်တော့ဘဲ (သတိမထားနိုင်တော့ဘဲ) မိဖုရားရဲ့ လက်ကိ ကိုင်ဆွဲမှု-စတဲ့ ကျူးလွန်စော်ကားမှုကိ ပြုမှားမိပါတော့တယ်၊ ဒါကတော့ ၀ီတိက္ကမအခိုက် ဖြစ်ပါတယ်။
    ဒီလို စိတ်ဓာတ်ကိ မထိန်းနိုင်ဘဲ ၀ီတိက္ကမအခိုက်ကို ရောကလာရတာဟာ မောဟက ဖုံးကွယ်ထားလို့ ဥာဏ်အလင်းရောင် ကွယ်ပျောက်သွားတဲ့အတွက်သာ ဖြစ်ပါတယ်၊ မောဟကသာ ဖုံးကွယ်လို့ မထားခဲ့ပါရင် ဒီလိုကာမှုမတွေကို အလိုမရှိလို့ ကုဋေ ၈၀-မျှသော ပစ္စည်းဥစ္စာကို စွန့်လွှတ်က တောထွက်လာခဲ့တဲ့ အလောင်းတော် ရှင်ရသေ့က ဒိလိုအလုပ်မျိုးကို ဘုရင်ကိုယ်တိုင်က ကျေကျေနပ်နပ် ခွင့်ပြုတောင်မှ ပြုလုပ်နိုင်မယ် မဟုတ်ပါ။
    ယခအချိန်မှာတော့ မောဟမှောင်ကြီးက ဖုံးကွယ်ထားလိုက်တဲ့အတွက် ယခုလက်ငင်း တွေ့ကြုံရမယ့်အပြစ်, နောင်သံသရာအပြစ်တွေကို မမြင်နိုင်တော့ဘဲ မသင့်တော်တဲ့ အလုပ်မျိုးကို ပြုလုပ်မိပါတော့တယ်၊ ကြိုးစားအားထုတ်လာခဲ့တဲ့ ဈာဉ်အဘိညာဉ်တွေကသာ မောဟရဲ့ လွှမ်းမိုးဖိစိး ဖျက်ဆီးမှုကြောင့် ကွယ်ပျောက်သွားရပါတော့တယ်။
    အမတ်တွေက ဟရိတစရှင်ရသေ့ရဲ့ မိဖုရားနှင့် မှားမှားယွင်းယွင်း ပြုကျင့်နေကြောင်း ဘုရင်ထံ လျှောက်စာ ဆက်သကြပါတယ်၊ ရှင်ဘုရင်က မယုံကြည်ပါ၊ နယ်စပ်ကို ငြိမ်သက်စေပြီး ပြန်လာတဲ့အခါ ရှင်ဘုရင်က မိဖုရားထံကို ဦးစွာသွားပါတယ်၊မိဖုရားကို မေးမြန်းစုံစမ်းပါတယ်၊ မိဖုရားကလဲ ဟုတ်မှန်ကြောင်းဝန်ခံပါတယ်၊ ဒါပေမယ့် ရှင်ဘုရင်က မိဖုရားရဲ့ စကားကိုလဲမယုံကြည်ပါ၊ ဒါနဲ့ ဟရိတစရှင်ရသေ့ကို သွားရောက်မေးပြန်ပါတယ်၊ ဟရိတစရှင်ရသေ့ကလဲ ဟုတ်မှန်ကြောင်း ၀န်ခံပါတယ်။
    ယခုကိစ္စမှာ ရှင်ဘုရင်က ပါရမီဓာတ်ခံ ရင့်သန်ပြီးသူဖြစ်လို့ သည်းခံနိုင်ပါတယ်၊ ရှငရသေ့ကို အကျိုးသင့် အကြောင်းသင့် ဆက်လက်လျှောက်ထားနိုင်ပါတယ်၊ ရှင်ရသေ့ကလဲ ဘုရင်လျှောက်ထားသမျှ အကြောင်းကိစ္စရဲ့ သဘောမှန်ကို ပြန်လည်ဖြေရှင်းပြောပြနေပါတယ်။
    "အရှင်ရသေ့၊ မကျန်းမမာဖြစ်နေသူအတွက် ဆေးဝါးဓာတ်စာဆိုတ်ာဟာ ကိုကွယ်အားထားရာ ဖြစ်ပါတယ်၊ ရေဆ်ာနေသူအတွက် သောက်ရေဟာ ကိုကွယ်အားထားရာဖြစပါတယ်၊ အရှင်ရသေ့အတွကတော့ သိမ့်မွေတဲ့အပြင် ကောင်းတဲ့ အကျိုစီးပွားကိုကြံစည်နိုင်တဲ့ ပညာဟာ ကိုးကွယအားထားရာ ဖြစ်ပါတယ်၊ ဖြစ်ပေါ်လာတဲ့ ရာဂကိုမျှ မပယ်ဖျောက်နိုင်ရင် အဲဒီပညာဟာ ဘာအကျိုးရှိတော့မလဲ ?" ။
    "မဟာရာဇာ! ဒီလောကမှာ တပ်နှစ်သက်ခြင်း (ရာဂ), ခက်ထန်ကြမ်းတမ်းခြင်း ပြစ်မှားခြင်း (ဒေါသ), မာန်ယစ်ခြင်း (မဒ), အမှန်သဘောကို မသိခြင်း(မောဟ)-ဆိုတဲံ တရား ၄-ပါးဟာ အလွန်အားကြီးကြပါတယ်၊ အဲဒီတရားတွေက ထကြွသောင်းကျန်းလာလို့ရှိရင် ပြင်းထန်တဲ့ ရေယာဉ်ထဲကို ကျရောက်ရသလို ပညာက ထောက်တည်ရာကို မရနိုင်တော့ပါဘူး" ။
    "အရှင်ရသေ့! အရှင်ရသေ့ဟာ အလှူကို ခံယူထိုက်သူ ဖြစ်တယ်၊ သီလနှင့် ပြည့်စုံတ်ယ၊ စင်ကြယ်စွာ ကျင့်နေတယ်၊ ကိလေသာတို့ကို ဖျက်ဆီးတတ်တဲ့  ပညာလဲ ရှိပတယ်၊ အကျိုးအကြောင်းကို သိတတ်တဲ့ ပညာလဲ ရှိပါတယ်၊ ဒီလိုပဲ အကျွန်ုပ်တို့က အရှင်ရသေ့ကို အသိအမှတ် ပြုထားကြပါတယ် " ။
    "မဟာရာဇာ ! ရာဂနှင့် စပ်ယှဉ်နေတဲ့ ၀ိတက်တွေဟာ ယုတ်မာကြပါတယ်၊ အာရုံကို တင့်တယ်တယ်လို့ ယူတတ်ကြပါတယ်၊ ရသေ့တွေရဲ့ တရားဂုဏ်မှာ မွေ့လျော်နေတဲ့ ပညာရှိတွေကိုတောင်မှ ညှဥင်္းဆဲတတ်ကြပါတယ်" ။
    " အရှင်ရသေ့ ! ဒီရာဂဆိုတာဟာ အရှင်ရသေ့တို့ရဲ့ ကိုယ်ကပဲ ဖြစ်ပေါ်လာပါတယ်၊ ကိုယ်အဆင်းကိုရော, ဂုဏ်တွေကိုရော ဖျက်ဆီးတတ်ပါတယ်၊ အဲဒီရာဂကို အရှင်ရသေ့က ပယ်လိုက်ပါတော့၊ အရှင်ရသေ့မှာ ကောင်းခြင်း မင်္ဂလာတွေ ဖြစ်ပါစေ၊ လူအပေါင်းကလဲ အရှင်ရသေ့ကို ပညာရှိလို့ အသိအမှတ် ပြုထားကြပါတယ်" ။
    " ကာမတွေဆိုတာဟာ ပညာမျက်စိကန်းအောင်လဲ ပြုတတ်ကြပါတယ်၊ ဆင်းရဲအများအပြားကိုလဲ ဖြစ်စေတတ်ကြပါတယ်၊ ကိလေသာအဆိပ်တွေနှင့်လဲ ပြည့်နှက်နေကြပါတယ်၊ အဲဒီကာမတွေကို အကျွန်ုပ်က ပယ်ပါတော့မယ်၊ ဒီကာမတွေရဲ့ အယောနိသော မနသိကာရ (မသင့်မတင့်နှလုံးသွင်းခြင်း) ဆိုတဲ့ အခြေအမြစ်ကို ရှာပါတော့မယ်၊ သုဘနိမိတ်ဆိုတဲ့ အနှောင်အဖွဲ့နှင့် တကွဖြစ်တဲ့ ရာဂကို ဖြတ်ပါတော့မယ်" ။
ရှင်ရသေ့က စကားအဆုံးမှာပဲ ရှင်ဘုရင်ထံ ခွင့်တောင်းပြီး ကျောင်းခန်းတွင်းကို ၀င်သွားပါတယ်၊ ကသိုဏ်းဝန်းကို ရှုပြီး ခဏအတွင်းမှာပဲ ပျက်သွားတဲ့ဈာန်ကို နောက်ထပ်ဖြစ်စေပါတယ်၊ ထို့နောက် ကျောင်းခန်းတွင်းက ထွက်လာပြီး ကောင်းကင်မှာ တင်ပလ္လင်ခွေ ထိုင်နေပါတယ်၊ ရှင်ဘုရင်အား တရားဟောထားခဲ့ပြီး လူ့အနားမှာနေလို့ ဒီလိုအမှုမျိုး ဖြစ်ရတယ်လို့ နောင်တရကာ လူသူကင်းကွာ ဟိမ၀န္တာသို့ ပြန်သွားပါတော့တယ်။
  
ပြန်လည်သုံးသပ်ချက်
    ရာဂ, ဒေါသ, မဒ, မောဟ-ဒီတရား ၄-ပါး ထကြွလာလို့ရှိရင် ပညာက ထောက်တည်ရာ မရနိုင်ပါဘူးလို့ ဆိုထားခဲ့ပါတယ်၊ ဒီအထဲမှာ ပါလာတဲ့ မောဟရဲ့ မိုက်မဲပုံကို အထူးသတိပြုသင့်ပါတယ်၊ အနုသယကိလေသာတွေ ထကြွသောင်းကျန်းသမျှ မောဟမပါတဲ့ အခါရယ်လို့ မရှိပါဘူး၊ မောဟပါတာချည်းသာ ဖြစ်ပါတယ်။
    ဒီ ၄-ပါးထဲမှာပဲ ရာဂထကြွသောင်းကျန်းလာတဲ့အခါ ဒေါသက မပါနိုင်ပါဘူး။ မဒက ရ့ခါပါလို့ ရံခါမပါဘဲ နေတတ်ပါတယ်၊ မောဟကတော့ မပါမရှိပါဘူး။
    ဒေါသ ထကြွသောင်းကျန်းတဲ့အခါမှာ လောဘရော, မဒရော မပါနိုင်ပါဘူး၊ မောဟကတော့ ပါလျက်ပဲ ဖြစ်ပါတယ်။
    မဒ ထကြွသောင်းကျန်းလာတဲ့အခါမှာ လောဘက ပါနိုင်ပါတယ်၊ ဒေါသက မပါနိုင်ပါဘူး၊ မောဟကတော့ ခပ်တိုင်းငန်တဲ့ ပဲခူးဆားလို ပါရက်ပါပဲ။
    ဒီတော့ သုဘနိမိတ်-တင့်တယ်တဲ့ အာရုံနှင့် အတွေ့အကြုံလို့ မသင့်မတင့် နှလုံးသွငးမိရင် ရာဂဟာ အနုသယအခိုက်မှ ပရိယဌာနအခိုက်သို့ ပြောင်းရွှေ့ ထကြွသောင်းကျန်းလာရပါတယ်၊ ဇောစိတ်နှင့်အတူ ယှဉ်တွဲဖြစ်လာရပါတယ်၊ အဲဒီလို ရာဂထကြွ သောင်းကျန်းလာတော့ အ၀ိဇ္ဖာနုသယဆိုတဲ့ မောဟလဲ အတူယှဉ်တွဲပါလာပါတယ်၊ မောဟဆိုတဲ့ အမှောင်ဓာတ်က အမှန်သဘောကို မသိနိုင်အောင် ဖုံးအုပ်ထားလိုက်တော့ ပညာက ထောက်တည်ရာ မရနိုင်တော့ပါ၊ ကွယ်ပျောက်သွားရပါတော့တယ်၊ ဒါ့ကြောင့် ကိုယ်ထိ
လက်ရောက် ကျူးလွန်မှု ၀ီတိက္ကမ ဖြစ်လာရပါတယ်။
    အသုဘနိမိတ်ဆိုတဲ့ မတင့်တယ်တဲ့ အာရုံနှင့် တွေ့ကြုံလို့ မသင်မတင့် နှလုံးသွင်းမိရင် ပဋိဃာနုသယခေါ်တဲ့ ဒေါသကထကြွလာပါတော့တယ်၊ အဲဒီလို ထကြွလာတဲ့အချိန်မှာ ဒေါသစိတ်နှင့်အတူ အ၀ိဇ္ဖာနုသယဆိုတဲ့ မောဟလဲ ယှဉ်တွဲပါလာရပါတယ်၊အဲဒီအချိန်မှာ မောဟဆိုတဲ့ အမှောင်ဓာတ်က ဖုံးအုပ်ထားလိုက်တော့ ပညာပါ ကွယပျောက်သွားတဲ့အတွက် ပညာနဲ့ မထိန်းနိုင်တော့ဘဲကိုယ်ထိလက်ရောက် ကျူးလွန်မှု ဖြစ်လာရပါတယ်။
    မာန်ယစ်စရာအကြောင်း အာရုံနှင့် တွေ့ဆုံလို့ မသင့်မတင့် နှလုံးသွင်းမိရင် မာနာနုသယဆိုတဲ့ မဒဟာ ဇောစိတ်နှင့်အတူ လောဘ, မောဟပါ ယှဉ်တွဲလို့ ထကြွလာတတ်ပါတယ်၊ မောဟက အမှန်သဘောကို ဖုံးထားလိုကတော့ ပညာနဲ့ မထိန်းနိုင်တော့ဘဲဝီတိက္ကမထိအောင် ဖြစ်လာရပါတော့တယ်။
  
မသိတိုင်း မောဟမဟုတ်  
    မသိခြင်းသဘောကို မောဟလို့ ဆိုခဲ့စေကာမူ မသင်ဘူးတဲ့ အတတ်ပညာ, မရောက်ဘူးတဲ့ အရပ်, မမှတ်ဘူးတဲ့ နာမည်-စသည်တို့ကို မသိခြင်းက အကုသိုလ်ဖြစ်တဲ့ မောဟအစစ် မဟုတ်ပါ၊ မှတ်သားဖူးသော အမှတ်သညာ မရှိမှုမျှသာဖြစ်ပါတယ်။
[ဗုဒ္ဓအလိုတော်ကျ ကြီးပွားချမ်းသာရေး ကိုယ်ကျင့်မင်္ဂလာ၊ မြောင်းမြပဇ္ဇောတာရုံနှင့် မှော်ဘီ သာသနာ့ဝန်ဆောင်ဆရာတော် အရှင်ကုမာရ] စာအုပ်မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment