မောင်ငယ် ၏ Blog မှနွေးထွေးပျူငှာလှိုက်လှဲစွာကြိုဆိုပါ၏ အားလုံး ဒုက္ခခပ်သိမ်း ငြိမ်းအေး အောင်နိုင်ပါစေ...ကိုယ်၏ ကျန်းမာခြင်း၊ စိတ်နှလုံး အေးမြခြင်းဖြင့် ပြည့်စုံကြပါစေ...
Friday, January 29, 2010
ပဏိဏ်းစေတသိတ် (၆) ပါး
၁။ဝိတက်
၂။ဝိစာရ
၃။အဓိမောက္ခ
၎။ဝီရိယ
၅။ပီတိ
၆။ဆန္ဒ
၆။ ဆန္ဒ
    အာရုံတစ်ခုခုကို ပြုလိုခြင်း(ရယုလိုခြင်း) ကို "ဆန္ဒ" လို့ခေါ်ပါတယ်၊ အာရုံပြုလိုခြင်းဟာ ဆန္ဒရဲ့သဘော (လက္ခဏာ) ဖြစ်ပါတယ်၊ မြင်လိုမှု, ကြားလိုမှု, နမ်းလိုမှု, အရသာခံစားလိုမှု, ထိလိုမှု, သိလိုမှုဆိုတဲ့ အာရုံ ၆-ပါးကို အာရုံပြုလိုမှုဟာ ဆန္ဒရဲ့သဘော (လက္ခဏာ)ဖြစ်တယ်လို့ ဆိုလိုပါတယ်။
    အလိုရှိရင် ရှာမှီးရမြဲ ဖြစ်တဲ့အတွက် လိုလားအပ်တဲ့ အာရုံကို ရှာမှိးခြင်းဟာ ဆန္ဒရဲ့ အလုပ်ကိစ္စဖြစ်ပါတယ်၊ လောကမှာ လိုချင်မက်မောစရာကောင်းတဲ့ (လောဘနေယျ) အာရုံ ကာမဂုဏ်ကို ရှာမှီးမှုမှတစ်ပါး တရားရှာမှု, ပညာရှာမှု, နိဗ္ဗာန်ကိုလိုလားတောင်တမှုတွေဟာ ဆန္ဒရဲ့ သဘောကိစ္စတွေချည်း ဖြစ်ပါတယ်၊ လိုချင်မက်မောစရာကောင်းတဲ့ (လောဘနေယျ) အာရုံ ကာမဂုဏ်ကို အလိုရှိရာမှာတော့ လောဘပြဌာန်းတဲ့အတွက် လောဘသဘောသို့ ဆန္ဒကလိုက်ပါရပါတယ်။
    လောဘနေယျအာရုံပင် ဖြစ်စေဦးတော့-သူတစ်ပါးအား လှူဒါန်းလို, ချီးမြှောက်ပေးကမ်းလိုလို့ ပစ္စည်းဥစာကို ရှာဖွေသိမ်းဆည်းရာမှာ ငြိကပ်တွယ်တာ တဏှာသဘော မပါသူတို့အတွက်မှာ လောဘကသဘော မဟုတ်၊ ဆန္ဒသဘော ဖြစ်ပါတယ်၊ မြားပုံကြီးကို အနားမှာထားလို့ ပစ်လိုက်တဲ့ လေးသမား မြားတွေကို ကောက်ကာကောက်ကာ ယူပေမယ့် အဲဒီမြားတွေအပေါ်မှာ ငြိကပ်တွယ်တာမှုသဘော မပါသလိုဘဲဖြစ်ပါတယ်။
    ဒီဆန္ဒသဘောဟာ သတ္တ၀ါတွေရဲ့ သန္တာန်မှာ အလွန်ထင်ရှားပါတယ်၊ ဘုရားကို သွားချင်တာ, ကျောင်းကိုသွားချင်တာ, ဥပုသ်စောင့်ချင်တာ, တရားနာချင်တာ, တရားထိုင်ချင်တာ, သူတစပါးအကျိုး ဆောင်ရွက်လိုတာကအစ နိဗ္ဗာန်လိုချင်တာအထိ အကုန်လုံးဟာ ဆန္ဒချည်းဖြစ်ပါတယ်၊
တော်ရုံတန်ရုံ လိုချင်ရာမှာ ဆန္ဒက အားသားပါတယ်၊ မဖြစ်မနေလိုချင်တာ, မရမကလိုချင်ရာတွေမှာတော့ ဆန္ဒကအားကြီးပါတယ်၊ ဒါပေမယ့် ဆန္ဒရှိရုံ, တောင့်တရုံနဲ့တော့ လိုချင်တာကို ရနိုင်မှာ မဟုတ်ပါ၊  လိုချင်တောင့်တသည်အားလျော်စွာ ကြိုးစားအားထုတ်မှု ၀ီရိယပါမှသာ ရနိုင်မှာ ဖြစ်ပါတယ်။
    ကမ္ဘာမြေကြီးတစ်ခုလုံးဟာ အင်မတန် ပူပြင်းနေတဲ့ မီးကျီးခဲတွေနဲ့ ပြည့်နှက်နေတယ် ဆိုကြပါစို့၊ အဲဒီလို မီးကျီးခဲတွေနဲ့ ပြည့်နှက်နေတဲ့ကမ္ဘာမြေပြင်ရဲ့ အရှေ့ဘကအစက အနောက်ဘက်အဆုံးအထိ ခြေကျင်ရောက်အောင် သွားနိုင်က ဘုရားဖြစ်မယ်ဆိုရင် မကြောက်မရွံ့ နောက်မတွန့်ဘဲ လျှောက်သွားနိုင်လောက်အောင် အလောင်းတော်တို့ရဲ့ ဘုရားဖြစ်လိုတဲ့ ဆန္ဒက ထက်သန်လှပါတယ်၊ အားကြီးလှပါတယ်၊ အဲဒီလို
ထက်သန်အားကြီးတဲ့ဆန္ဒ အရင်းခံလို့ အားထုတ်လုံ့လ ၀ီရိယသန်သန်နဲ့ ပါရမီတော်တွေကို ဖြည့်လာခဲံတဲ့အတွက် အဆုံးမှာ ဆန္ဒတော်အတိုင်း ဘုရားဖြစ်တော်မူလာရပါတယ်။
    အထက်တန်းကို ရောက်ရန် အခြေခံမျှော်မှန်းချက် (ဆန္ဒ)မျှ မရှိပါရင် မည်သူမျှ ထက်ထက်သန်သန် ကြိုးစားအားထုတ်ကြမယ်မဟုတ်ပါ၊ မျှော်မှန်းချက် ရှိသူတွေကသာ ထက်ထက်သန်သန် ကြိုးကြိုးစားစား အားထုတ်ကြပါတယ်၊ သို့ဖြစ်သည်အားလျော်စွာ လူသားတိုင်း လူသားတိုင်းက မျှော်မှန်းချက် (ဆန္ဒ)တစ်ခုခုကို ထားသင့်ပါတယ်၊ အဲဒီဆန္ဒကို အာသာ-(လိုလားတောင့်တမှု)လို့လဲ ခေါ်ပါတယ်၊ ဒါပေမယ့် အဲဒီလို အာသာဆန္ဒ ရှိရုံမျှနဲ့-(ဆုတောင်းနေရုံမျှနဲ့) တော့ မိမိတို့ရဲ့ မျှော်မှန်းချက် မပြည့်စုံနိုင်ပါ၊ မျှော်မှန်းထားသည့်အတိုင်းစိတ်ပါလက်ပါ ကြိုးစားအားထုတ်မှသာ ပြည့်စုံနိုင်ပါတယ်။
    အခုခေတ်မှာ အထက်တန်းရောက်နေသူတွေက အများအားဖြင့် အာသာဆန္ဒအားလျော်စွာ ကြိုးစားအားထုတ်လာကြသူတွေသာဖြစ်ကြပါတယ်၊ သို့ဖြစ်၍ ခဲခဲယဉ်းယဉ်း ရရှိလာတဲ့ မိမိတို့ရဲ့ လူ့ဘ၀ကို ခုရောနောင်ပါ အထက်တန်းရောက်အောင် ထက်သန်တဲ့ အာသာဆန္ဒကို အရင်းခံပြီ သမ္မာရဒ္ဓ ၀ီရိယဖြင့် ကိုယ်စီကိုယ်င မြှင့်တင်နိုင်ကြပါစေ။
[ဗုဒ္ဓအလိုတော်ကျ ကြီးပွားချမ်းသာရေး ကိုယ်ကျင့်မင်္ဂလာ၊ မြောင်းမြပဇ္ဇောတာရုံနှင့် မှော်ဘီ သာသနာ့ဝန်ဆောင်ဆရာတော် အရှင်ကုမာရ] စာအုပ်မှ ကူးယူဖော်ပြသည်။
၅။ ပီတိ
    အာရုံတစ်ခုခုကို နှစ်သက်အားရ သဘောကျနေခြင်းကို "ပီတိ" လို့ခေါ်ပါတယ်၊ အာရုံကို နှစ်သက်အားရ သဘောကျခြင်းဟာ ပီတိရဲ့ သဘော(လက္ခဏာ)ဖြစ်ပါတယ်၊ ပီတိဟာ သုခဝေဒနာကဲ့သို့ ခံစားခြင်း မဟုတ်ပါ၊ နှစ်သက်အားရ သဘောကျခြင်းသာ ဖြစ်ပါတယ်။
    ကိုယ့်စိတ် ၂-ပါးကို နှစ်သက်ပြည့်ဖြိုး ပွားတိုးစေခြင်းဟာ ပီတိရဲ့ အလုပ် (ကိစ္စ) ဖြစ်ပါတယ်၊ ပီတိဖြစ်တဲ့အခါ ပွင့်လန်းနေတဲ့ ပဒုမာကြာပန်းလို့ စိတ်ဓာတ်လဲ ပွင့်လန်းတိုးပွားလာပါတယ်၊ ရွှင်လန်းတဲ့စိတ်ကြောင့် စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ကောင်းတွေက တစ်ကိယ်လုံးပျံ့နှံ့တာနဲ့ ခန္ဓာကိုယ်လဲစည်ပင်တိုးပွားပါတယ်။
    တောစခန်းမှာ မောပန်းလာတဲ့ ခရီးသွားယောက်ျား တစ်ယောက်က ခရီးရင်ဆိုင် လာသူအား ရေရှိမယ့်နေရာကို မေးကြည့်တဲ့အခါ ဒီနေရာက အတော်လေးသွားမိလို့ရှိရင် စိမ်းစိုးညိုမှိုင်းတဲ့ တောအုပ်ကြီးကို တွေ့ရလိ့်မယ်၊ အဲဒီ တောအုပ်ကြီးထဲမှာ ရေအိုင်ကြီးတစ်အိုင် ရှိနေတယ်-ဆိုတဲ့ စကားကိုကြားရတဲ့အခါမှာလဲ နှစ်သက်မှုပီတိ ဖြစ်ပါတယ်၊ ဆက်လက်သွားလို့ ရေချိုးပြီး အ၀တ်စိုတွေ, ဆံပင်စိုတွေနဲ့ လာနေတဲ့ လူကို တွေရတဲ့အခါမှာလဲ နှစ်သက်အားရမှု ပီတိဖြစ်ပါတယ်၊ ရေအိုင်ကြီးရဲ့ အနီးက တောမြိုင်ကြီးနှင့်အတူ ကြည်လင်တဲ့ ရေကိုတွေ့တဲ့အခါမှာလဲ နှစ်သက်အားရပီတိ ဖြစ်ပါတယ်၊ ဒီလို ဘယ်အာရုံမှာပဲဖြစ်ဖြစ် နှစ်သကရွှင်လန်းတဲ့ အမူအရာက ပီတိရဲ့ သဘော(လက္ခဏာ)ပဲ ဖြစ်ပါတယ်။
    ရေကန်ထဲက ရေကို သောက်ရတဲ့အခါ, ချိုးရတဲ့အခါ, ရေချိုးပြီးတဲ့နောက်ပါလာတဲ့ အ၀တ်ကိုခင်းလို့ လေညင်းခံကာ သစ်မြစ်ကို ခေါင်းအုံးအိပ်နေတဲ့အခါတွေမှာတော့ သုခဝေဒနာ ဖြစ်နေပါတယ်။
    ဒီပီတိဟာ တက်ကြွတဲ့ တရာတစ်မျိုး ဖြစ်ပါတယ်၊ ရေပေါ်မှာ ဘူးတောင်းပေါ်သလို ပေါ်လွင်တက်ကြွတဲ့ တရားမျိုး ဖြစ်ပါတယ်၊  နှစ်သက်ရွှင်ပျို့ပီတိဆို့နေတဲ့အခါ တပြုံးပြုံးတရွှင်ရွှင်နဲ့ အလွန်ပေါ်လွင်နေတာကို မြင်ရရုံနဲ့ပဲ ပီတိရဲ့ တက်ကြွတဲ့ သဘောမှာ ထင်ရှားလှပါတယ်။
ပီတိ ၅-မျိုး
    ၁။ ခုဒ္ဒိကာ = ကြက်သီးမွေးညင်းထရုံမျှ အသေးစားပီတိ၊
    ၂။ ခဏိကာ = လျှပ်စစ်ပြက်သလို ခဏခဏဖြစ်လို့ ခဏခဏ ပျက်တဲ့ပီတိ၊
    ၃။ သြက္ကန္တိကာ = လှိုင်းလုံးကြီး လွှမ်းဖုံးလာသလို တစ်ကိုယ်လုံးမှာ လွှမ်းဖုံးသက်ရောက်တဲ့ပီတိ၊
    ၄။ ဥဗ္ဗေဂါ = ဥဗ္ဗေဂါပီတိထက် ကြာရှည်စွာ တစ်ကိုယ်လုံးမှာ ပျံ့နှံ့တဲ့ပီတိ။
[ဗုဒ္ဓအလိုတော်ကျ ကြီးပွားချမ်းသာရေး ကိုယ်ကျင့်မင်္ဂလာ၊ မြောင်းမြပဇ္ဇောတာရုံနှင့် မှော်ဘီ သာသနာ့ဝန်ဆောင်ဆရာတော် အရှင်ကုမာရ] စာအုပ်မှ ကူးယူဖော်ပြသည်။
၎။ ၀ီရိယ
    အားထုတ်ခြင်းသဘော, ဆိုင်ရာကိစ္စကို ပြုလုပ်ဆောင်ရွက်ဖို့ရာ မကြောက်မရွံ့ရဲဝံ့ခြင်း နောက်မတွန့်ခြင်းသဘောကို "၀ီရိယ" လို့ ခေါ်ပါတယ်၊ ရတဲ့ဆင်းရဲအံကြိတ်ခဲလို အမြဲသည်းခံခြင်းဟာ ၀ီရိယရဲ့ သဘောဖြစ်ပတယ်။
    ထကြွလုံ့လ ၀ီရိယရှိသူကသာ ဆိုင်ရာကိစ္စမှာ ရဲရင့်ပါတယ်၊ ဒါ့ကြောင့် ရဲရင့်သူရဲ့ ဖြစ်ကြောင်း(ရဲရင့်ခြင်း, နောက်မတွန့်ခြင်း) ဆိုတာဟာ ၀ီရိယပဲဖြစ်ပါတယ်၊ ၀ီရိယရှိသူကသာ တစ်စုံတစ်ခုကို ပြုလုပ်ရတဲ့အတွက် ရရှိလာမယ့် ဆင်းရဲဒုက္ခကိ မကြောက်မရွံ့ နောက်မတွန့်ဘဲ သည်းခံနိုင်ပါတယ်။
    ယှဉ်ဘက်တရားတွေကို ထောက်ပံ့ခြင်းဟာ ၀ီရိယရဲ့ အလုပ်ကိစ္စဖြစ်ပါတယ်၊ လဲပြိုခါနီး အိမ်အိုကြီးကို ထောက်ကျားတိုင်က မလဲမပြိုရအောင်ထောက်ကန်ထားသလို ယှဉ်ဘက်တရားတွေကို ဆိုင်ရာကိစ္စမှာ ရော့ရဲရဲမရှိရအောင် ၀ီရိယက ထောက်ပံ့ထားပါတယ်၊ ဒါ့ကြောင့် ၀ီရိယနှင့် ယှဉ်တဲ့ တရား
တွေက တက်တက်ကြွကြွ ရှိနေကြပါတယ်။
    ၀ီရိယဟာ ဆုတ်နစ်ခြင်းကင်း ရဲတင်းပါတယ်၊ ထိနမိဒ္ဓပြဌာန်းတဲ့ ကုသိုလ်ဝိတ္တုပ္ပာဒ်ကို ကောသဇ္ဖ (ပျင်းရိခြင်း) လို့ခေါ်ပါတယ်၊ ၀ီရိယက အဲဒီကောသဇ္ဖတရား အပျင်းထူမှုများကို လွှမ်းမိုးကာ အရေးကြုံလာက နောက်မဆုတ်တတ်တဲ့တရား ဖြစ်ပါတယ်။
    ၁။ တစ်စုံတစ်ခုကို လုပ်ရခါနီးနေခြင်း,
    ၂။ လုပ်ပြီးခါစဖြစ်ခြင်း,
    ၃။ ခရီးသွားရခါနီးဖြစ်ခြင်း,
    ၄။ ခရီးက ရောက်ခါစဖြစ်ခြင်း,
    ၅။ မစားရသေးခြင်း,
    ၆။ စားပြီးခါစဖြစ်ခြင်း,
    ၇။ မကျန်းမမာဖြစ်စေပြုနေခြင်း,
    ၈။ နာလန်ထစဖြစ်ခြင်း-
ဒီ ၈-ပါးကို ပျင်းရိခြင်းရဲ့အကြောင်း (ကောသဇ္ဖ၀တ္ထု) လို့လဲ ခေါ်ပါတယ်၊ အားထုတ်ခြင်းရဲ့အကြောင်း (၀ီရိယာရမ္ဘ၀တ္ထု) လို့လဲ ခေါ်ပါတယ်၊ ဒီဝတ္ထု ၈-ခုကပဲ ပုဂ္ဂိုလ်တွေရဲ့ ဓာတ်ခံအလို အဇ္ဈာသယကို လိုက်ပြီး ပျင်းရိခြင်းရဲ့ အကြောင်းလဲ ဖြစ်လာရပါတယ်၊ အားထုတ်ခြင်းရဲ့ အကြောင်းလဲ ဖြစ်လာရပါတယ်၊
ဒီ ၈-ပါးကို အကြောင်းပြုပြီး အပျင်းဓာတ်ခံ ရှိနေသူက-
    ၁။ ငါ့မှာ လုပ်စရာကိစ္စ ရှိနေတယ်၊ အလုပ်လုပ်တော့ ပင်ပန်းရတော့မယ်၊ ကြိုတင်လို့ အိပ်ထားလိုက်ဦးမှပဲ-လို့ လုပ်ရမယ့်အလုပ်ကို ဆင်ခြင်ကာတစ်ဝကြီး အိပ်ပစ်လိုက်ပါတော့တယ်။
    ၂။ ငါ့က အလုပ်လုပ်နေခဲ့ရတယ်၊ ဒါနဲ့ ကိုယ်ခန္ဓာ ပင်ပန်းလာတယ်၊ အနားယူပြီး အိပ်ပစ်လိုက်ဦးမှပဲ-လို့ လုပ်ပြီးအလုပ်ကို ယိုးမယ်ဖွဲ့ကာတစ်ဝကြီး အိပ်ပစ်လိုက်ပါတော့တယ်။
    ၃။ ငါ့မှာ ခရီးသွားစရာ ရှိနေတယ်၊ ခရီးသွားတော့ ပင်ပန်းဦးမှာပဲ၊ အခုနေက ကြိုတင်အိပ်ထားရတော့မယ်လို့ ခရီးသွားရမယ့်ကိစ္စကို ဆင်ခြင်ကာတစ်ဝကြီး အိပ်ပစ်လိုက်ပါတော့တယ်။
    ၄။ ငါဟာ ခရီးက ပြန်ရောက်ခါစ ဖြစ်နေတယ်၊ ခရီးသွားနေတုန်းက ပင်ပန်းလာခဲ့တယ်၊ အိပ်စက်လိုက်ဦးမှပဲလို့ ခရီးသွားနေခဲ့ရတာကို ဆင်ခြင်ကာ အိပ်နေပါတော့တယ်။
    ၅။ ငါဟာ မစားရသေးဘူး၊ ဆာနေသေးတယ်၊ အလုပ်လုပ်ဖို့ မတော်သေးဘူး၊ အိပ်ဦးမှပဲလို့ မစားရသေးတာကို ယိုးမယ်ဖွဲ့ကာ အိပ်နေပါတော့တယ်။
    ၆။ ငါဟာ စားပြီးခါစဖြစ်နေတယ်၊ ဗိုက်လေးနေတယ်၊ အလုပ်လုပ်ဖို့ မတော်သေးဘူး၊ အိပ်ဦးမှပဲလို့ အစာစားပြီးတာကို ယိုးမယ်ဖွဲ့ကာအိပ်နေပါတော့တယ်။
    ၇။ ယခု ငါ မကျန်းမမာ ဖြစ်စပြုနေတယ်၊ မအီမသာ ဖြစ်နေတယ်၊ အိပ်မှတော်မယ်၊ အိပ်ဦးမှပဲလို့ မအီမသာဖြစ်နေတာကို ယိုးမယ်ဖွဲ့ကာအိပ်နေပါတော့တယ်။
    ၈။ ငါဟာ နာလန်ထစ ဖြစ်တယ်၊ အနာရောဂါ ပျောက်ခါစ ရှိသေးတယ်၊ အားမရှိသေးဘူး၊ အလုပ်လုပ်လို့ မကောင်းသေးဘူး၊ အနားယူဦးမှပဲလို့ဖြစ်ခဲ့တဲ့ အနာရောဂါကို ယိုးမယ်ဖွဲ့ကာ အိပ်နေပါတော့တယ်။
    အပျင်းဓာတ်ခံရှိနေလို့ အယောနိသော မနသိကာရရှိသူက ဒီလိုပဲ အချိန်ကို ကုန်လွန်စေပါတော့တယ်၊ မရရှိသေးတဲ့ ပစ္စည်းဥစ္စာ အတတ်ပညာကိုလဲ ရရှိအောင်, ရပြီးတဲ့ ပစ္စည်းဥစ္စာ အတတ်ပညာကိုလဲ တိုးပွားအောင် အားမထုတ်တော့ပါ၊ ဒါနဲ့ သူများအောက်ကို ရောက်မှန်းမသိဘဲ တဖြည်းဖြည်း ရောက်နေရပါတော့တယ်။
    ၁။ ငါ့မှာ လုပ်စရာကိစ္စတစ်စုံတစ်ခု ဖြစ်ပေါ်လာစရာ ရှိနေတယ်၊ အဲဒီအချိန် ယခုနှယ်က ကြိုတင်အားထုတ်ထားမှ တော်မယ်လို့ ဖြစ်ပေါ်လာမယ့်ကိစ္စကို ဆင်ခြင်ကာ လွန်စွာ အားထုတ်တတ်ပါတယ်။
    ၂။ ငါက အလုပ်လုပ်နေခဲ့ရတယ်၊ အဲဒီအလုပ်ကို လုပနေတုန်းက လုပ်နေကျ ကြိုးစားလိုက်ဦးမှ တော်မယ်လို့ ပြီးခဲ့တဲ့အလုပ်ကိစ္စကို ဆင်ခြင်ကာလွန်စွာအားထုတ်ပါတယ်။
    ၃။ ငါ့မှာ ခရီးသွားစရာ ရှိနေတယ်၊ အချိန်ကျလို့ သွားရတဲ့အခါ လုပ်နေကျ အလုပ်တွေကို မလုပ်ဘဲ နေရတော့မယ်၊ ယခုနှယ်က ကြိုတင်အားထုတ်ထားမှ တော်မယ်လို့ ခရီးသွားရမယ့် ကိစ္စကို ဆင်ခြင်ကာ လွန်စွာအားထုတ်ပါတော့တယ်။
    ၅။ အစာမရှိတော့ ငါ့ရဲ့ ခန္ဓာကိုယ်ဟာ ပေါ့ပါးတယ်၊ အလုပ်လုပ်ရန် သင့်တော်တယ်၊ အားထုတ်ကြိုးစားမှ တော်မယ်လို့ အစာမစားရသေးတာကို ဆင်ခြင်ကာ လွန်စွာအားထုတ်ပါတယ်။
    ၆။ အခု အစာကို စားလိုက်ရတော့ ငါ့ရဲ့ ကိုယ်က အားရှိလာတယ်၊ အလုပ်လုပ်ရန် သင့်တော်နေတယ်၊  အခုကြိုးစားအားထုတ်လိုက်ဦးမှပဲ-လို့ အစာစားပြီးတာကို ဆင်ခြင်ကာ လွန်စွာအားထုတ်ပါတယ်။
    ၇။ ယခု ငါမကျန်းမမာ ဖြစ်စပြုနေတယ်၊ မအီမသာ ဖြစ်နေတယ်၊ မအီမသာ ဖြစ်နေတယ်၊ ဒီရောဂါ တိုးပွားလာစရာ ရှိတယ်၊ ယခုနှယ်က ကြိုတင်ပြီး ကြိုးစားအားထုတ်ထားလိုက်ဦးမှပဲ-လို့ စွဲကပ်လာစပြုတဲ့ အနာကို ဆင်ခြင်ကာ လွန်စွာအားထုတ်ပါတော့တယ်။
    ၈။ ငါဟာ နာလန်ထစ ဖြစ်တယ်၊ ဒီရောဂါဟာ ပြန်ဖြစ်စရာအကြောင်းရှိနေတယ်၊ ရောဂါဖြစ်နေတုန်းမှာလဲ ငါ့ရဲ့ လုပ်နေကျအလုပ်တွေဟာလစ်ဟင်းနေခဲ့တယ်။ နောင်လဲ လစ်ဟင်းစရာ ရှိနေပြန်တယ်၊ အခုနှယ်က ကြိုတင်ပြီး ကြိုးစားအားထုတ်လိုက်ဦးမှာပဲလို့ ဖြစ်ခဲ့တဲ့ ရောဂါကို ဆင်ခြင်ကာ လွန်စွာအားထုတ်ပါတယ်။
    ၀ီရိယ ဓာတ်ခံရှိတဲ့အပြင် အများအားဖြင့် ယောနိသော မနသိကာရ ရှိသူက အချိန်ကို အချိုးတကျ အသုံးချတတ်ပါတယ်၊ မရသေးတဲ့ ပစ္စည်းဥစ္စာ အတတ်ပညာကို ရရှိအောင်, ရရှိပြီးတဲ့ ပစ္စည်းဥစ္စာ အတတ်ပညာကို တိုးပွားအောင် ကြိုးစားအားထုတ်နေပါတော့တယ်၊ ဒါနဲ့ သူမျာတွေရဲ့ အထက်ကိုရောက်နေရပါတော့တယ်။
ဒါ့ကြောင့်----ဘုရားရှင်နှင့် ရှေးမထေရ်များ, အဌကထာဆရာများကလဲ-
    ပေါ့တန်ပျင်းရိ လုံ့လမရှိသူရဲ့ နှစ်ပေါင်းတစ်ရာ အသက်ရှင်နေရတာထက် ခိုင်မြဲဇွဲထူ အားထုတ်နေသူရဲ့ တစ်နေ့တစ်ရက် တစ်နံနက်မျှ အသက်ရှင်ရခြင်းက မြတ်ပါတယ်။
    အေးလွန်းတယ်, ပူလွန်းတယ်, သိပ်မိုးချုပ်သွားပြီ, သိပ်စောသေးတယ်-လို့ ၀ီရိယလျော့ကာ လုပ်ငန်းကိစ္စကို စွန့်လွှတ်ထားတဲ့ သတ္တ၀ါတွေကိုအခွင့်အခါကောင်းတွေက ကျော်လွန်သွားကြပါတယ်။
    အအေးကိုပဲဖြစ်ဖြစ်, အပူကိုပဲဖြစ်ဖြစ် ခြေဖ၀ါးအောက်က မြက်မှိုက်ကိုလို အောက်မေ့မှတ်ထင်ပြီး လုံ့လရှိတဲ့ ယောက်ျား(မိန်းမ)တွေက ပြုလုပ်ရမယ့်ကိုယ်ကျိုးစီးပွား, သူကျိုးစီးပွားတွေကို ပြုလုပ်လို့ရှိရင် ချမ်းသာသုခက မယုတ်လျော့နိုင်ပါ။
    ကိုယ်တွေ့မျက်မြင်ဖြစ်တဲ့ လောကီလုပငန်းများကိုသော်မှ ယုတ်ညံ့တဲ့ ၀ီရိယရှိတဲ့ ပုဂ္ဂိုလ်က လုက်မိဖို့ရန် မစွမးဆောင်နိုင်ပါ၊ မနှိုင်းယှဉ် မရေတွက်နိုင်အောင် အပင်ပန်းခံကာ အားထုတ်လုံ့လ ၀ီရိယရှိတဲ့ ပုဂ္ဂိုလ်က ရခဲတဲ့အရာဆိုတာ မရှိနိုင်ပါဘူး။
ဒီလို ဟောတော်မူ, မိန့်တော်မူကြပါတယ်။
    ဆိုခဲ့ပြီးသည်အားလျော်စွာ တို့တစ်တွေကလဲ တကယ်လုပ်စရာကိစ္စနှင့် ရင်ဆိုင်တွေ့ကြုံလာတဲ့အခါ " အခြားလုပ်စရာ အလုပ်ရှိနေသေးတယ်, အခုမှ လုပ်ပြီးခါစ ရှိသေးတယ်, ခရီးသွားစရာ ရှိသေးတယ်, ခရီးသွားနေတာက အခုမှပြန်ရောက်လာတယ်, မစားရသေးလို့ ဗိုက်ဆာနေတယ်, စားပြီးခါစမို့
ဗိုက်လေးနေတယ်, နှာစေးနေတယ်, နေကောင်းခါစ ရှိသေးတယ်, အေးလွန်းသေးတယ်, ပူလွန်းလှတယ်, စောသေးတယ်, နေမြင့်လှပြီ" စသည်ဖြင့် ယိုးမယ်ဖွဲ့ကာ လုပ်ရမယ့်အလုပကို ရှောင်တိမ်းမနေသင့်ပါ၊ တကယ့်ကိစ္စ ကြုံလာရင် အအေး-အပူမျှကိုသာမက အသက်ကိုပင် ထီမထင်ဘဲ ရင်ဆိုင်တွေ့ရသမျှကို ရဲရဲတင်းတင်း အားရပါးရ လုပ်ကိုင်သင့်ကြပါတယ်၊ ဒီလို လုပ်ကိုင်ကြမှသာ အဖက်ဖက်က တိုးတက်လာမှာ ဖြစ်ပါတယ်။
    သက်သေသာဓက အနေနဲ့ ပြောရမယ်ဆိုရင် တိုင်းပြည်တစ်ပြည် အနေနဲ့ပဲ ကြည့်ကြည့်, မိမိတို့ တတ်သိထားတဲ့ အတတ်ပညာ အသိပညာတွေကို အသုံးချကာတွေ့သမျှ အလုပကို ရဲရဲတင်းတင်း အားရပါးရ အစွမ်းကုန် ကြိုးစားအားထုတ်လာကြတဲ့ တိုင်းပြည်တွေ, လူမျိုးစုတွေနှင့် ပုဂ္ဂိုလ်တွေကသာ အထက်တန်းသို့ ရောက်နေကြတာကို တွေ့ကြရမှာ ဖြစ်ပါတယ်၊ မြန်မာနိုင်ငံနှင့် ဘ၀တူဖြစ်ခဲ့ကြတဲ့ အရှေ့ဘက် အိမ်နီးချင်း နိုင်ငံတွေကို လှမ်းမျှော်ကြည့်ရုံနဲ့ပဲသိသာလှပါတယ်၊ ထင်ရှားလှပါတယ်။
    တို့နိုင်ငံသူ နိုင်ငံသားတွေအတွက် ယခုအချိန်ဟာ မိမိတို့ရဲ့ အသိပညာ အတတ်ပညာတွေကို ဘက်စုံအသုံးချကာ တွေ့သမျှ အလုပ်ကို ရဲရဲတင်းတင်းအားရပါးရ အစွမ်းကုန် ကြိုးစားအားထုတ်ကြရမယ့်အချိန် ဖြစ်ပါတယ်၊ အချိန်မနှောင်းလှသေးပါ၊ တကယ်သာ ကြိုးစားအားထုတ်ကြပါရင် သူတို့ကို မီနိုင်ရုံမျှမက ကျော်လွန်လို့ပင် သွားနိုင်စရာရှိပါတယ်။
    ဒါ့ကြောင့် သက်ဆိုင်ရာ အလုပ်မှန်သမျှကို ကျားမ-မဟူ ရှင်လူမကြွင်း ရဲရဲတင်းတင်း အားရပါးရ အစွမ်းကုန် ကြိုးစားအားထုတ်ကြပါစို့။
[ဗုဒ္ဓအလိုတော်ကျ ကြီးပွားချမ်းသာရေး ကိုယ်ကျင့်မင်္ဂလာ၊ မြောင်းမြပဇ္ဇောတာရုံနှင့် မှော်ဘီ သာသနာ့ဝန်ဆောင်ဆရာတော် အရှင်ကုမာရ] စာအုပ်မှ ကူးယူဖော်ပြသည်။
၃။ အဓိမောက္ခ
ဆုံးဖြတ်ခြင်း သဘောကို "အဓိမောက္ခ" လို့ခေါ်ပါတယ်၊ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ မတွန့်မဆုတ်ဘဲ သက်ဝင်ဆုံးဖြတ်နိုင်ခြင်းဟာ အဓိမောက္ခရဲ့ သဘော လက္ခဏာ ဖြစ်ပါတယ်၊ ဒီအဓိမောက္ခရဲ့ ဆုံးဖြတ်ချက်ကြောင့် ပါဏတိပါတ စတဲ့ ဒုစရိုက်၊ ပါဏတိပါတ၀ိရတိ စတဲ့ သုစရိုက်များ ထမြောက်ရပါတယ်။
     ဒီအဓိမောက္ခဟာ မယိမ်းမယိုင် တံခါးတိုင်လို မလှုပ်မရှား ခိုင်မြဲတဲ့တရား ဖြစ်ပါတယ်၊ ယူရမယ့်အာရုံမှာ မြဲခိုင်တည်တံ့တဲ့အတွက် မြို့တံခါးအနီးမှာ စိုက်ထူထားတဲ့ တံခါးတိုင်ကြီးနှင့် တူတဲ့တရား ဖြစ်ပါတယ်။
[ဗုဒ္ဓအလိုတော်ကျ ကြီးပွားချမ်းသာရေး ကိုယ်ကျင့်မင်္ဂလာ၊ မြောင်းမြပဇ္ဇောတာရုံနှင့် မှော်ဘီ သာသနာ့ဝန်ဆောင်ဆရာတော် အရှင်ကုမာရ] စာအုပ်မှ ကူးယူဖော်ပြသည်။
စေတသိက်
    စိတ်မှာယှဉ်မှီပြီး အမျိုးမျိုးအထွေထွေဖြစ်အောင် စိတ်ကိုခြယ်လှယ်တတ်တဲ့ ၅၂-ပါးသော သဘောတရားတွေကို "စေတသိက်" လို့ခေါ်တယ်။
    စိတ်ကို ညစ်နွမ်းစေတတ်သော မောဟ-စတဲ့ သဘောတရားတွေ, စိတ်ကို ဖြူစင်စေတတ်သော သဒ္ဓါ-စတဲ့ သဘောတရားတွေဟာ စိတ်မှာ ယှဉ်ကြရပါတယ်၊ စိတ်နှင့် ရောနှောကြရပါတယ်၊ ဒါ့ကြောင့် "စေတသိက်" ဆိုတဲ့ အမည်ကို ရကြပါတယ်။
    ဒီသဘောတရားတွေဟာ စိတ်နှင့်အညီအမျှ အဖြစ်တူ, အပျက်တူ, အာရုံတူ (မှီရာတူ) အနေနဲ့ ယှဉ်တွဲဖြစ်ပေါ်လာကြရပါတယ်။ ဒါ့ကြောင့်စိတ်မှာ ဖြစ်တယ်၊ စိတ်မှာ ယှဉ်တယ်လို့ ဆိုရပါတယ်။
    ဒီသဘောတရားတွေက စိတ်နှင့်အတူတကွ ဖြစ်ကြရာမှာ ဒါက မောဟ, ဒါက သဒ္ဓါ, ဒါကစိတ်လို့ သဘောအထူးကို မသိနိုင်တဲ့အတွက်ဖြစ်သည်မှ ပျက်သည်တိုင်အောင် စိတ်နှင့်တစ်ခုတည်းလို ဖြစ်နေသောကြောင့် စိတ်နှင့်ရောနှောတယ်လို့ ဆိုရပါတယ်။
    ဒီတော့ စိတ်ဆိုတာဟာ သူချည်းသက်သက် ဖြစ်လေ့ မရှိဘူး၊ စိတ်ဆိုးဖြစ်အောင် ပြုလုပ်တတ်တဲ့ စေတသိက်တွေ, စိတ်ကောင်းဖြစ်အောင်ပြုလုပ်တတ်တဲ့ စေတသိက်တွေနှင့် အတူယှဉ်တွဲ ဖြစ်နေရတယ်ဆိုတာ မထင်ရှားဘူးလား၊ ထင်ရှားပါတယ်။
    စိတ်တစ်ခုတစခုမှာ အနည်းဆုံး စေတသိက်-၇ခုက စပြီး ၃၈-ခုထိ ထိုက်သည်အားလျှော်စွာ ပါဝင်နေကြပါတယ်၊ အဲဒီ စေတသိက်တွေဟာ-
    ၁။ ဧကုပ္ပဒ = စိတ်နှင့်အတူဖြစ်ခြင်း,
    ၂။ ဧကနိရောဓ = စိတ်နှင့်အတူချုပ်ခြင်း,
    ၃။ ဧကာလမ္ဗဏ = စိတ်နှင့်အာရုံတူခြင်း,
    ၄။ ဧက၀တ္ထုက = စိတ်နှင့်မှိရာတူခြင်း-
ဆိုတဲ့ လက္ခဏာ ၄-ပါးနှင့်အညီ အတူယှဉ်တွဲ ဖြစ်နေကြရပါတယ်၊ ပြီးတော့ လက်ဖျောက်တီး တစ်ချိန်အတွင်းမှာ စိတ်ကုဋေသိန်းပေါင်းများစွာဖြစ်နိုင်တယ်၊ စိတ်ဟာ အင်မတန်မြန်တယ်ဆိုထားတော့ စေတသိက်တွေကလဲ မမြန်လို့ မဖြစ်တော့ဘူး၊ စိတ်လိုပဲ မြန်ကြပါတယ်။
    စိတ်တစ်ခုတစ်ခု ဖြစ်ပေါ်လာတဲ့အခါ ယှဉ်ဘက်စေတသိက်တွေကလဲ တစ်ပြိုင်နက်ဖြစ်ပေါ်လာကြရပါတယ်၊ အဲဒီလို ဖြစ်ပေါ်လာပေမယ့် စိတ်ကသာ ရှေ့သွားခေါင်းဆောင် ဖြစ်တဲ့အတွက် စိတ်ဖြစ်တယ်, စိတ်နဲ့ ပြုလုပ်တယ်-စသည်ဖြင့် ဘုရားရှင်ကလဲ ဟောတော်မူထားပါတယ်၊ လောကမှာလဲ ပြောရိုးဆိုစဉ် ရှိနေပါတယ်။
    စိတ်ဟာ ယှဉ်ဘက်စေတသိက်တွေကို ဖြစ်ပေါ်စေတတ်တ့ အကြောင်းတရားဖြစ်ပါတယ်၊ စိတ်မဖြစ်ရင် စေတသိက်တွေက သူတို့ချည်းသက်သက် မဖြစ်နိုင်ကြပါ၊ စိတ်ကတော့ အချို့အချို့သာ စေတသိက်တွေ မဖြစ်ပေမယ့် ဖြစ်နေတာပါပ၊ ဒါ့ကြောင့် စိတ်ကသာ စေတသိက်တွေရဲ့ ရှေ့သွားခေါင်းဆောင်တရားဖြစ်ပါတယ်။
    ခွက်တစ်ခွက်ထဲမှာ ထည့်ထားပြီး တစ်နေ့လုံး မွှေထားတဲ့ ရေအမျိုးမျိုးတို့ရဲ့ ထူခြားမှု, ဆီအမျိုးမျိုးတို့ရဲ့ ထူးခြားမှုကို အဆင်း အနံ့အရသာတွေက ထူးခြားတဲ့အတွက် မြင်လိုပဲဖြစ်ဖြစ်, နမ်းကြည့်လို့ပဲဖြစ်ဖြစ် သိမယ်-ဆိုရင် သိနိုင်စရာ ရှိပါသေးတယ်၊ အဲဒီလို သိနိုင်ကောင်းပေမယ့် အဲဒီလို သိတာဟာ အင်မတန် ခဲယဉ်းလှပါတယ်။
    အာရုံတစ်ခုတည်းကို အာရုံပြုလို့ဖြစ်နေကြတဲ့ စိတ်စေတသိက်ဆိုတဲ့ နာမ်တရားတွေရဲ့ အထူးကို အသီးအသီးခွဲခြားပြီး (ဒါက စိတ်,ဒါက ဖဿ, ဒါက ဝေဒနာ-စသည်ဖြင့်) နာမပညတ်ကို ထုတ်ဆောင်ဟောတော်မူတဲ့ မြတ်စွာဘုရားက အတိုင်းထက်အလွန် ခဲယဉ်းတဲ့အလုပ်ကို ပြုလုပ်ခဲ့ပါပေတယ်။
    င်္ဂဂါ, ယမုနာ, အစိရသတီ, မဟီ, သရဘူဆိုတဲ့ မြစ်ကြီး ၅-သွယ်တို့ရဲ့ စီးဝင်ရာ မဟာသမုဒ္ဒရာရေကို လျှာ်နဲ့လျက်ကြည့်လို့ "ဒီရေကားင်္ဂဂါမြစ်ရေ, ဒီရေကား ယမုနာမြစ်ရေ, ဒီရေကား အစိရ၀တီမြစ်ရေ, ဒီရေကား မဟီမြစ်ရေ, ဒီရေကား သရဘူမြစ်ရေ" လို့ ပိုင်းခြားသိနိုင်ရန် ခဲယဉ်းလှသလို အာရုံတစ်ခုတည်းကို အာရုံပြုလို့ အတူတကွ ဖြစ်နေကြတဲ့ စိတ်စေတသိက်တရားတွေကို "ဒါက တွေ့ထိမှု ဖဿ, ဒါက ခံစားမှုဝေဒနာ,
ဒါက စေ့ဆော်မှုစေတနာ, ဒါက အာရုံကိုသိမှုစိတ်ဖြစ်တယ်" လို့ ပိုင်းခြားသိမြင်နိုင်မှုဟာ အတိုင်းထက်အလွန် ခဲယဉ်းတဲ့အရာ ဖြစ်ပါတယ်၊ အဲဒီလို ခဲယဉ်းတဲ့အရာကို ဗုဒ္ဓမြတ်စွာက ပိုင်းခြားဝေဖန်လို့ ပြတော်မူခဲ့ပါပေတယ်။    ဒီလိုဖြစ်နေကြတဲ့ စိတ်စေတသိက်တွေကို သဗ္ဗညုတဥာဏ်ရှင်ဖြစ်လိုသာ ဒီလို ခွဲခြမ်းဝေဖန်သိမြင်နိုင်တာ ဖြစ်ပါတယ်၊ သဗ္ဗညုတဥာဏ်မရှိတဲ့ သိပ္ပံပညာရှင်တွေက ဘယ်လိုလောကဓာတ်နည်းနဲ့ ဘယ်လိုဓာတ်ခွဲကြည့်လို့မှ "ဒီသဘောကား ဖဿ, ဒီသဘောက ဝေဒနာ, ဒီသဘောကားသညာ-စသည်ဖြင့်" ခွဲခြမ်းဝေဖန်လို့ ရှေးကလဲ မသိမြင်နိုင်ခဲ့ကြပါ၊ အခုလဲ မသိမြင်နိုင်ကြ၊ နောက်ကမ္ဘာအဆက်ဆက်မှာလဲ သိမြင်နိုင်ကြမယ် မဟုတ်ပါ။
    ဒါ့ကြောင့် အရှင်နာဂသိန်က မိလိန္ဒမဟာရာဇာအား ဒီသဘောအဓိပ္ပာယ်ထင်ရှားအောင် သမုဒ္ဒရာဝယ် မြစ်ကြီး ၅-သွယ်က စီးဝင်တဲ့ ရေကို ဥပမာပြကာ မိန့်တော်မူပါတယ်။
[ဗုဒ္ဓအလိုတော်ကျ ကြီးပွားချမ်းသာရေး ကိုယ်ကျင့်မင်္ဂလာ၊ မြောင်းမြပဇ္ဇောတာရုံနှင့် မှော်ဘီ သာသနာ့ဝန်ဆောင်ဆရာတော် အရှင်ကုမာရ] စာအုပ်မှ ကူးယူဖော်ပြသည်။ 
၂။ ၀ိစာရ
    အာရုံမှာ အဖန်ဖန်လှည့်လည်ခြင်းသဘော (အာရုံတစ်ခုကို  အထပ်ထပ် အလီလီသုံးသပ်ခြင်းသဘော) ကို "၀ိစာရ"လို့ ခေါ်ပါတယ်၊ ၀ိတက်က အာရုံတစ်ခုသို့ စိတ်ရောက်လို့ ရောက်လိုနေအောင် ကြံစည်ပါတယ်၊ ဒါပေမယ့် အဲဒီအာရုံပေါ်မှာ ကြာရှည်စွာ မတည်ပါ၊ အခြားအာရုံကိုလဲ ဆက်လက်ကြံစည်တတ်ပါတယ်၊ ၀ိစာရကတော့ ၀ိတက်အစွမ်းကြောင့် ရောက်ရှိနေတဲ့ အာရုံကို တော်တော်နဲ့ မလွှတ်ဘဲ အကြိမ်ကြိမ်အထပ်ထပ် ပွတ်တိုက်သလို အဲဒီအာရုံကို ထပ်ကာထပ်ကာ အာရုံပြုပါတယ်၊ အဲဒီလို အထပ်ထပ်အာရုံပြုခြင်းကိုပဲ အဲဒီအာရုံကို သုံးသပ်ပွတ်တိုက်သလို ဖြစ်နေတဲ့အတွက် အာရုံတစ်ခုကို အထပ်ထပ် အလီလီ သုံးသပ်ခြင်းသဘောလို့ ဆိုခဲ့ရပါတယ်။
    အာရုံကို အထပ်ထပ် ပွတ်တိုက်သုံးသပ်ခြင်းဟာ ၀ိစာရရဲ့ သဘောလက္ခဏာပဲ ဖြစ်ပါတယ်၊ ၀ိတက်ရဲ့ တင်ပေးမှုကြောင့် အာရုံတစ်ခုကို ရောက်နေရာ အဲဒီအာရုံက မခွာဘဲ ရစ်ဝဲလှည့်လည်နေခြင်းဟာ ၀ိစာရရဲ့ သဘောပဲ ဖြစ်ပါတယ်၊ ရစ်ဝဲလှည့်လည်ခြင်း-ဆိုပေမယ့် အာရုံသို့ ထိထိရောက်ရောက် မဟုတ်ဘဲ ရစ်သီရစ်သီနဲ့ ၀ဲနေရုံမဟုတ်ပါ၊ အဲဒီအာရုံကို ထပ်ကာထပ်ကာ အာရုံပြုတဲ့အနေနဲ့ ပွတ်တိုက်သုံးသပ်နေသလို ဖြစ်ခြင်းမျိုးပါပဲ။
    တကွဖြစ်ဘက် တရားတွေကို အာရုံမှာ ထပ်ကာထပ်ကာ ယှဉ်စေခြင်းဟာ ၀ိစာရရဲ့ အလုပ်ကိစ္စဖြစ်ပါတယ်၊ ယူအပ်ပြီးတဲ့ အာရုံမှာစိတ်ကိုအစဉ်မပြတ်အောင် ဖွဲ့ထားတတ်တဲ့ တရားမျိုးဖြစ်ပါတယ်၊ သမ္ပယုတ်တရားတွေကို မိမိနှင့်အတူ အာရုံမှာ ထပ်လို့ထပ်လို့ ယှဥစေခြင်းအလုပ်ကို လုပ်နေတဲ့အတွက် အာရုံကို ယူမိရင် မလွှတ်ဘဲ အစဉ်မပြတ် ဖွဲ့ထားတတ်တယ်လို့ ဆိုလိုပါတယ်။
ဝိတက်နှင့်ဝိစာရအထုး
[ဗုဒ္ဓအလိုတော်ကျ ကြီးပွားချမ်းသာရေး ကိုယ်ကျင့်မင်္ဂလာ၊ မြောင်းမြပဇ္ဇောတာရုံနှင့် မှော်ဘီ သာသနာ့ဝန်ဆောင်ဆရာတော် အရှင်ကုမာရ] စာအုပ်မှ ကူးယူဖော်ပြသည်။
၁။ ၀ိတက်
    ကြံစည်ခြင်းသဘောကို "၀ိတက်" လို့ခေါ်ပါတယ်၊ စိတ်ကို အာရုံသို့ ရောက်လို့ရောက်လို့သွားအောင် ကြံစည်ခြင်းလို့ ဆိုလိုပါတယ်၊ စိတ်ကူးခြင်း, စဉ်းစားခြင်းပဲဖြစ်ပါတယ်။
    သမ္ပယုတ်တရားတွေကို အာရုံသို့တင်ပေးခြင်းစာ ၀ိတက်ရဲ့ သဘောလက္ခဏာပဲ ဖြစ်ပါတယ်၊ အကြံအစည်များကာ ၀ိတက်အားကြီးနေတဲ့အခါ အိပ်မပျော်ခြင်းမှာလဲ ၀ိတက်က စိတ်ကို အာရုံသစ်သို့ ရောက်လျက်ရောက်လျက်သွားအောင် တင်ပေးနေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
    အခါခါတီးခေါက်ခြင်း, အဖန်ဖန်တီးခေါက်ခြင်းဟာ ၀ိတက်ရဲ့ လုပငန်းကိစ္စဖြစ်ပါတယ်၊ အာရုံတစ်ခုကို ထပ်တလဲလဲ ကြံစည်နေတာကိုပဲ ခေါက်တယ်လို့ ဆိုပါတယ်၊ ကမ္မဌာန်းအားထုတ်ရာမှာ ပထ၀ီလို့ အာရုံပြုနေတာဟာ အဲဒီအာရုံကို ဒေါက်ဒေါက်လို့ ထပ်တလဲလဲ ခေါက်သလို ဖြစ်ပါတယ်၊ ကာမဂုဏ်ကို ထပ်တလဲလဲ ကြံစည်နေတဲ့အခါမှာလဲ အလားတူပဲ ဖြစ်ပါတယ်၊ အာရုံကိုရောက်အောင် စိတ်ကို ဆောင်တတ်တဲ့တရားလို့ ဥာဏ်ထဲမှာ ထင်လာအောင်ရှုဆင်ခြင်ပါ။
ဝိတကမယှဉ်တဲ့စိတ်များက အာရုံယူနိုင်ပုံ
    နည်းနည်းလေးအကျယ်ချဲ့ကာ ပြောပြပါဦးမယ်၊ ဒွေးပဉ္စ၀ိညာဉ်က တင်ပေးမယ့် ၀ိတက်နှင့် မယှဉ်ပေမယ့် စက္ခု-စတဲ့ ပဉ္စ၀တ္ထုမှာ ရူပါရုံ-စတဲ့ ပဉ္စာရုံတွေရဲ့ ထိခိုက်မှုက ထင်ရှားလှတဲ့အတွက် အာရုံသို့ တက်ရောက်နိုင်ကြပါတယ်၊ အင်မတန် ထင်ရှားနေတဲ့ အာရုံပေါ်မှာ ၀ိတက်က တင်ပေးစရာမလိုပါ။
    ဒုတိယဈန်-စသည်တို့ မဥပါဒ်ခင် ရှေ့အဖို့မှာ ဖြစ်တဲ့ ကာမာဝစရဘာဝနာ စိတ်ကို ဥပစာရဘာသနာလို့ ခေါ်ပါတယ်၊ အဲဒီ ဥပစာရဘာဝနာက ပထ၀ီကသိုဏ်း-စတဲ့ အာရုံကို မိမိရရ အသားကျအောင် ယူပြီးမှ ဈာန်တရားတို့ ဥပါဒ်နိုင်ကြပါတယ်၊ ဥပစာရဘာသနာက ၀ိတက်နှင့် တွဲဖက်လို့ ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘူတိုင်အောင်သော ကိစ္စနဲ့ ကျကျနနယူပြီးတဲ့ အာရုံကို ခူးပြီးစားထမင်း စားရသူလို အလွယ်တကူ ဆက်လက်ယူရတဲ့ ဒုတိယဈန်-
စသည်တို့မှာလဲ ၀ိတက်မပါတဲ့အတွက် မယူနိုင်ရန်အချက် မရှိတော့ပါ။
စေတနယ, မနသိကာရ, ၀ိတက်အထုူး
    အာရုံမှာ သမ္ပယုတ်တရားတွေကို ဖွဲ့စပ်ပေးခြင်းဟာ စေတနာရဲ့သဘော ဖြစ်ပါတယ်၊ သမ္ပယုတ်တရားတွေကို အာရုံနှင့် ယှဉ်စပ်ပေးခြင်းဟာ မနသိကာရရဲ့ လုပ်ငန်းကိစ္စ ဖြစ်တယ်-လို့ ဆိုထားခဲ့ပါတယ်၊ တစ်ဖန် သမ္ပယုတ်တရားတွေကို အာရုံသို့တင်ပေးခြင်းဟာ ၀ိတက်ရဲ့ သဘောလက္ခဏာ ဖြစ်တယ်လို ဖြစ်နေပါတယ်၊ ဒါကြောင့် ဘယ်လိုထူးကြသလဲလို့ မေးစရာရှိနေပါတယ်။
    ပြိုင်လှေတစ်စင်းကို လှော်ကြရာမှာ-လှေဦးက ပနးဆွတ်သူ-၀မ်းက လှော်သူ, ပဲ့က ပဲ့ကိုင်သူ၊ ဒီလူ ၃-ယောက်တို့က လှေကို ပြိုင်တူလှော်ကြပေမယ့် ၀မ်းကလှော်သူမှာ ပန်းတိုင်သို့ အတွင်ရောက်အောင် လှော်ပေးရန်သာ အရေးကြီးပါတယ်၊ ပဲ့ကိုင်သူမှာ ပန်းတိုင်သို့ အတွင်ရောက်အောင် လှော်ပေးရန်သာ အရေးကြီးပါတယ်၊ ပဲ့ကိုင်သူမှာ ပန်းတိုင်သို့ ဖြောင့်ဖြောင့်သွားစေဖို့သာ အရေးကြီးပါတယ်၊ ဦးကလှော်သူမှာ ပန်းတိုင်သို့ရောက်တဲ့အခါ ပန်းဆွတ်ဖို့သာ အရေးကြီးပါတယ်။
    ဒီဥပမာအတိုင်းပါပဲ၊ ၀ိတက်မှာ သမ္ပယုတ်တရားတွေကို အာရုံသို့ ရောက်သွားအောင် အတင်းနှင်ကာ တင်ပေးဖို့တာဝန် ရှိပါတယ်၊ လှေဝမ်းက လှောသူနှင့် တူပါတယ်၊ မန၀ိကာရမှာ အာရုံသို့ ဖြောင့်ဖြောင့်ရောက်အောင် သမ္ပယုတ်တရားတွေကို ဖြောင့်ပေးဖို့တာဝန်ရှိပါတယ်၊ ပဲ့ကိုင်သူနှင့် တူပါတယ်၊ စေတနာမှာ အာရုံ၌ သမ္ပယုတ်တရားတွေကို စပ်ဖွဲ့ပေးဖို့ လုပ်ငန်းကိစ္စရှိနေပါတယ်၊ ပန်းဆွတ်သူနှင့်တူပါတယ်။ [အာရုံက ပန်းတိုင်နှင့် တူပါတယ်၊ သမ္ပယုတ်တရားတွေက လှေနှင့် တူပါတယ်။]
    မကောင်းဝိတက် ၃-ပါး
    ကာမ၀ိတက်, ဗျာပါဒ၀ိတက်, ၀ိဟိံသာဝိတက်လို့ မကောင်းတဲ့ဝိတက် ၃-မျိုးရှနေပါတယ်၊ အဲဒီ ၃-မျိုးအနက် ရူပါရုံ, သဒ္ဒါရုံ-စတဲ့ ကာမအကြောင်းအရာ, ကာမဂုဏ်မှု ကိစ္စစုတွေကို ကြံစည်စိတ်ကူးခြင်း, ပစ္စည်းဥစ္စာရှာဖွေမှုကို ကြံစည်စိတ်ကူးခြင်း-စတဲ့ လောဘမကင်းသော ကြံစည်စိတ်ကူးမှု ဟူသမျှကို ကာမ၀ိတက်လို့ ခေါ်ပါတယ်။
    သူတစ်ပါးကို ပျက်စီးစေလိ,ု သေစေလိုတဲ့ ဒေါသကို ဗျာပါဒလို့ ခေါ်ပါတယ်၊ အဲဒီဒေါသနှင့် ယှဉ်ပြီး ရိုက်ပုတ်သတ်ဖြတ်ဖို့ရန် ကြံစည်ခြင်း, တစ်နည်းနည်းနဲ့ ၃-မျိုးအနက် တောထွက်ဖို့, ရသေ့ ရဟန်းပြုဖို့, လှူဒါန်းဖို့, ဥပုသ်သီလဆောက်တည်နေဖို့, တရားအားထုတ်ဖို့-စတဲ့ လောဘတဏှာလွတ်ကင်းတဲ့ ကြံစည်စိတ်ကူးမှုကို နေက္ခမ္မ၀ိတက်လို့ ခေါ်ပါတယ်။
    မကောင်းတဲ့ဝိတက်တွေကို ရှောင်ကြဉ်ပြီး ကောင်းတဲ့ဝိတက်တွေသာ ကိုယ့်သန္တာန်မှာ ဖြစ်ပွားလာအောင် ကြိုးစားထူထောင်နိုင်ကြပါစေ။
[ဗုဒ္ဓအလိုတော်ကျ ကြီးပွားချမ်းသာရေး ကိုယ်ကျင့်မင်္ဂလာ၊ မြောင်းမြပဇ္ဇောတာရုံနှင့် မှော်ဘီ သာသနာ့ဝန်ဆောင်ဆရာတော် အရှင်ကုမာရ] စာအုပ်မှ ကူးယူဖော်ပြသည်။
Wednesday, January 27, 2010
သာဌေယျ=ကောက်ကျစ်စဉ်းလဲမှု
ကောက်ကျစ်စဉ်းလဲမှုကို "သာဌေယျ" လို့ ခေါ်ပါတယ်၊ အခြားသူများ အထင်ကြီးအောင် ကိုယ့်မှာ မရှိတဲ့ဂုဏ်ကို ရှိဟန်ဆောင်တတ်တဲ့လောဘတစ်မျိုးပဲဖြစ်ပါတယ်၊ မာယာက ကိုယ့်မှာရှိတဲ့ အပြစ်ကို ဖုံးကွယ်ပြီး အပြစ်ကင်းသယောင် ဟန်ဆောင် တတ်ပါတယ်၊ သာဌေယျက ကိုယ့်မှာဂုဏ်မရှိဘဲ ရှိသယောင်ဟန်ဆောင်တတ်ပါတယ်၊ ၂-မျိုးလုံးပဲ အလိမ်ဥာဏ်, အကောက်ဥာဏ်, အပလီဥာဏ်မျိုးဖြစ်ပါတယ်၊ ရာဂကြီးသူမှာ မာယာသာဌေယျ-စတဲ့ အကုသိုလ်တရားအများအပြား ဖြစ်တတ်ပါတယ်လို့ ၀ိသူဒ္ဓိမဂ် (၁၊ ၁၀၃)မှာ မိန့်ဆိုချက်လဲ ရှိပါတယ်၊ ဒီသာဌေယျကို "တယ်မာယာသာဌေယျများတဲ့အကောင်ပဲ" လို့ အများအားဖြင့် မာယာနှင့် တွဲဖက်လို့ အသုံးပြုတတ်ကြပါတယ်။
ရဟန်းတော်များနှင့် သာဌေယျ
ရဟန်းတော်တွေရဲ့ အထဲမှာ အချို့က စာပေမတတ်ပေမဲ့ စာပေတတ်သယောင် ဟန်ဆောင်တတ်ပါတယ်၊ စာပေမပို့ချဘဲ ပို့ချသယောင်လဲဟန်ဆောင်တတ်ပါတယ်၊ ကိုယ်ကျင့်သီလ မစင်ကြယ်ဘဲ စင်ကြယ်သယောင်လဲ ဟန်ဆောင်တတ်ပါတယ်၊ ကမ္မဌာန်းတရား အားမထုတ်ဘဲ အားထုတ်သယောင်လဲ ဟန်ဆောင်တတ်ပါတယ်။
ဒီပုဂ္ဂိုလ်မျိုးဟာ သူ့ကို အခြားသူတွေက အဟုတ်ထင်လာအောင် စာတော်ပေတော် ဆရာတော်ကြီးများကိုလဲ မိမ်နှင့်တန်းတူထားကာပြောဆိုရပါတော့တယ်၊ ကိုယ့်ကျင့်သီလ စင်ကြယ်နေတဲ့ ဆရာတော်တွေ, ကမ္မဌာန်းအလုပ် အပတ်တကုတ် ကြိုးစားအားထုတ်နေတဲ့ ဆရာတော်တွေကိုလဲ မိမိနှင့်တန်းတိုထားကာ ပြောဆိုရပါတော့တယ်။
အဲဒီလို ပြောဆိုတဲ့အတွက် သူ့မှာလဲ သံသရာအပြစ် ကြီးလေးလှပါတယ်၊ သူ့ကို အဟုတ်ကြီးထင်လို့ ကိုးကွယ်ကြတဲ့ ဒကာ, ဒကာမတွေမှာလဲ ဘာသာရေးအသိဥာဏ် တိုးမလာတဲ့အပြင် ငွေကုန်ကြေးကျ များသလောက် အကျိုးရလဲ နည်းတတ်ပါတယ်။
လူတွေရဲ့ သာဌေယျ
လူတွေမှာလဲ ခေါင်းဆောင်လုပ်လို့သူအချို့က အကျင့်သီလ မရှိဘဲ ရှိသယောင်, အရည်အချင်းမရှိဘဲ ရှိသယောင်, စွမ်းရည်သတ္တိမရှိဘဲရှိသယောင်, ပစ္စည်းဥစ္စာမရှိဘဲ ရှိသယောင် အာဘောင်အာရင်း သန်သန်နဲ့ ပရိသတ်အလယ်မှာ ဟန်ဆောင်ပြောဆိုတတ်ပါတယ်၊ ပရိသတ်က အဟုတ်ကြီးထင်လို့ သူ့ကို ခေါင်းဆောင်တင်လိုက်တဲ့အခါ ဘာကိစ္စကိုမျှ ပြီးပြတ်အောင် မဆောင်ရွက်နိုင်ဘဲ အစစ အရာရာ ယိုယွင်းပျက်စီးလာတတ်ပါတယ်၊ တိုင်းပြည်အုပ်ချုပ်တဲ့ အထဲမှာသာ ဒီလို ပုဂ္ဂိုလ်မျိုးတွေ များများပါနေပါက တိုင်းပြည်ကလဲ မငြိမ်မသက်, စီးပွားရေးပါပျက်လို့ တိုင်းပြည်ကိုပါ သူများလက်သို့ ထိုးအပ်လိုက်ရုံပဲ ရှိပါတော့တယ်။
မာယာသာဌေယျ၏ဆိုကျိုး
ယခုခေတ်မှာတော့ မာယာသာဌေယျသမားတွေက ပေါများနေတဲ့အတွက် စေ့စပ်ကြောင်းလမ်းပြီးမှ သတို့သားမှာ မိန်းမ-ရှိနေကြောင်း သတို့သမီးဘက်က သိရလို့ ဖျက်သိမ်းရတာ, သတို့သမီးက အကျင့်ပျက်နေကြောင်းကို သတို့သားဘက်က သိရလို့ ဖျက်သိမ်းရတာ, လက်ထပ်ပြီးမှ အဆိုပါကိစ္စမျိုးတွေ ပေါ်လာလို့ စလယ်ဝင် ဖင်မမဲခင်ကကွဲရတာ-ဒိလိုအစရှိတဲ့ ကိစ္စတွေဟာ မကြာခဏ သတင်းစားထဲမှာ ပါလာတတ်ပါတယ်၊ သတင်းစာထဲမှာ
မပါတာက ဘယ်လောက်ရှိမယ်ဆိုတာကိုတော့ ခန့်မှန်းရန်ပင် မလွယ်လှပါ။
ဒီလိုမာယာသာဌေယျ(သမား)က လူတစ်ဦးတစယောက်ကိုလဲ လှည့်ပတ်တတ်ပါတယ်၊ လူအများကိုလဲ လှည့်ပတ်တတ်ပါတယ်၊ တစ်တိုင်းပြည်လုံးကိုလဲ လှည့်ပတ်တတ်ပါတယ်၊ ဘုရားတုဘုရားယောင်သာ ဖြစ်ခဲ့ပါက ကမ္ဘာအနှံ လှည့်ပတ်တတ်ပါတယ်၊ ဒါ့ကြောင့် ဒီမာယာ, သာဌေယျ အလွန်ဆိုးဝါးလှပါတယ်၊ ဒီလိုဆိုးဝါးလှတဲ့ တရားမျိုးရဲ့ လွှမ်းမိုးနှိပ်စက်မှုကို ကိုယ်တိုင်လဲ မခံရ, ကိုယ်နှင့်ဆက်သွယ်တေသူတွေလဲ မခံရအောင် အထူးသတိထားကာရှောင်ကြဉ်သင့်ပါတယ်။
မာယာ
ဒီလောဘကိုပဲ မိမိမှာ အပြစ်ရှိလျက် မရှိသလို ဟန်ဆောင်ရာမှာ မာယာလို့လဲ ခေါ်ကြပါသေးတယ်၊ မာယာဆိုတာဟာ မျက်လှည့်သည်နှင့်တူပါတယ်၊ မျက်လှည့်သည် မျက်လှည့်သမားက ကျောက်ခဲကို ရွှေတုံးဖြစ်အောင် လှည့်စားနိုင်သလို မာယာကလဲ လူတစ်ဖက်သား အထင်မှားအောင် ကိုယ့်မှာရှိနေတဲ့ အပြစ်ကို ဖုံးကွယ်တတ်ပါတယ်။
မကောင်းမှု အကုသိုလ်များကို ပြုပြီးနောက် အဲဒီအမှုများ မပေါ်အောင် ပိပိရိရိ ဖုံးကွယ်ခြင်းဟာ မာယာရဲ့ သဘော ဖြစ်ပါတယ်။
ပြုပြီးတဲ့ မကောင်းမှုကို လျှို့ဝှက်ခြင်းဟာ မာယာရဲ့ ကိစ္စ ဖြစ်ပါတယ်။
မာယာနှင့် ပြည်စုံသူဟာ ပြာနဲ့ဖုံးထားတဲ့ မီးကျီးခဲ, ရေထဲရှိတဲ့ သစ်ငုတ်, အ၀တ်ဖြင့် ဖုံးအုပ်ထားတဲ့ လက်နက်နှင့် တူပါတယ်။ ၁
မိန်းမမာယာကြောက်စရာ
ပဒုမမင်းသားက ကန္တာရအလယ်မှာ ညီတော် ၆-ယောက်တို့နှင့် အတူနေရာက ညဉ်ံအခါ ညီတော်များ အိပ်ပျော်နေချိန်မှာ မိမိရဲ့ မယားကို ခေါ်ပြီး တိတ်တဆိတ် ထွက်လာခဲ့ပါတယ်၊ ကန္တာရကထွက်လို့ မြစ်ကြီးတစ်ခုကို ရောက်တဲ့အခါ မယားနှင့်အတူ တဲအုံဆောက်လုပ်နေထိုင်ပါတယ်။၂
တစ်နေ့မှာ မင်းပြစ်မင်းဒဏ်သင့်တဲ့ ခိုးသူတစ်ယောက်ကို လက်ခြေများနှင့် နား, နှာခေါင်းတို့ကို ဖြတ်ပြီး လှေငယ်တစ်ခုပေါ်မှာတင်ကာမြစ်ညာက မျှောလိုက်ကြပါတယ်၊ အနားကို ရောက်လာလို့ ငိုသံကို ကြားရတဲ့အခါ ပဒုမမင်းသားက သနားတာနဲ့ ဆယ်ယူပြီး ဆေးဝါးကုသထားပါတယ်၊ အသားနုတက်လို့ အနာကောင်းလာတဲ့အခါ မယားနှင့်အတူ တဲထဲမှာ ထားပါတယ်၊ သူကိုယ်တိုင်က တောထဲကို သွားပြီး သစ်သီးကြီးငယ်ကို ရှာဖွေနေပါတယ်၊ ရလာသမျှကို ဝေခြမ်းစားသောက်နေပါတယ်။
ပဒုမမင်းသားက သစ်သီးရှာသွားခိုက်မှာ မယားဖြစ်သူက ငတုံးနှင့် ဖောက်ပြန်နေပါတယ်၊ တစ်နေ့မှာ ပဒုမင်းသားကို သတ်လိုက်တဲ့အတွက်
တောင်စောင့်နတ်ကို ပူဇော်ရအောင်လို့ မိန်းမမာယာနဲ့ တောင်ပေါ်ကို ကို သွေးဆောင်ခေါ်သွားပါတယ်၊ တောင်ထိပ်ကို ရောက်လာတဲ့အခါ "မောင်ရေ! မောင်ကမြင့်မြတ်တဲ့ နတ်ဖြစ်ပါတယ်၊ မောင့်ကိုပဲ လက်ဦး ပန်းတွေနဲ့ ပူဇော်လို့ လက်ယာရစ် လှည့်လည်လိုပါတယ်၊ နောက်မှ တောင်စောင့်နတ်ကို ပူဇော်ပါ့မယ်" လို့ ပြောပြီး လင်ကို တောင်ကမ်းပါးပြတ် နားမှာ ရပ်နေစေပါတယ်၊ လက်ယာရစ်လှည့်ကာ ရှိခိုးသလိုလုပ်ရင်း ကျောဘက်ကနေပြီး ကမ်းပါးပြတ်ထဲကို တွန်းချလိုက်ပါတယ်။
ဒီဝတ္ထုမှာ လင်ကို သတ်လိုက်တဲ့အတွက် တောင်စောင့်နတ်ကို ပူဇော်လိုဟန် ဥာဏ်ဆင်ပြီး တောင်ပေါ်ရောက်အောင် ခေါ်သွားတာလဲ မာယာပဲ ဖြစ်ပါတယ်၊ တောင်ပေါ်ကို ရောက်တဲ့အခါ တောင်စောင့်နတ်ကိုထက် လင်ကိုပဲ ချစ်ခင်ကြည်ညို မြတ်နိုးဟန်ဆောင်ပြီး ပူဇော်သလိုလုပ်ကာ တွန်းချ
လိုက်တာလဲ မာယာပဲဖြစ်ပါတယ်။
ရသေ့မာယာ အံ့စရာ
ရှေးအခါ ရွာကလေးတစ်ရွာမှာ သူကြွယ်တစ်ယောက်က ရသေ့တစ်ဦးကို တောထဲမှာ ကျောင်းဆောက်ကိုးကွယ် ထားပါတယ်၊ ခိုးသားဓားပြဘေးကို စိတ်မချရတာနဲ့ ရွှေစင်နိက္ခတစ်ရာကို ရသေ့ကျောင်းနားမှာ မြှုပ်ထားပါတယ်၊ "အရှင်းဘုရား! ဒါကို ခဏကြည့်ရှုစောင့်ရှောက်ထားပါ" လို့လဲ မှာထားပါတယ်၊ ဒီတော့ ရသေ့က "ဟဲ့ဒကာ! ရသေ့ရဟန်းတွေကို ဒီလို မပြောကောင်းဘူး၊ တို့မှာ သူများပစ္စည်းဥစ္စာကို လိုချင်မက်မောမှုဆိုတာ မရှိပါဘူး" လို့
ပြောလိုက်ပါတယ်၊ ဒကာက ရသေ့ကိ ယုံကြည်စိတ်ချစွာနဲ့ ပြန်လာခဲ့ပါတယ်။
ရွှေစင်နိက္ခတစ်ရာဆိုရင် ငါ ချောင်ချောင်လည်လည် အသက်မွေးနိုင်လာလောက်တယ်လို့ ရသေ့က စဉ်းစားပြီးတဲ့နောက် ရက်အနည်းငယ် ကြာတဲ့အခါ အဲဒီရွှေကိုဖော်ယူပြီး မိမိသွားမဲ့ လမ်းနားတစ်နေရာမှာ မြှုပ်ထားလိုက်ပါတယ်၊ နောက်တစ်နေ့ ဒကာ့အိမ်မှာ ဆွမ်းစားပြီးတဲ့အခါ သွားတော့မယ်ဆိုတဲ့ အကြောင်းကို ပြောပါတယ်၊ ဒကာက ဆက်လက်နေထိုင်ရန် တောင်းပန်ပေမယ့် မရတော့ပါ၊ ဒါနဲ့ ဒကာက ခွင့်ပြုလိုက်ရပြီး ရွာတံခါးထိအောင် လိုက်ပို့လိုက်ပါတယ်။
ရသေ့က အတော်လေးသွားပြီးမှ ဆံကျစ်ကြားမှာ သက်ကယ်မြက်ကို ထားပြီး ပြန်လာခဲ့ပါတယ်၊ သူကြွယ်က ဘာ့ကြောင့် ပြန်လာပါသလဲ?-လို့မေးတဲ့အခါ ဒါယကာ သင့်အိမ်မိုးက သက်ကယ်မြက်တစ်ပင် ငါ့ဆံကျစ်မှာ ငြိကပ်ပါလာတယ်၊ ပိုင်ရှင်မပေးတဲ့ ဥစ္စာဟာ ရသေ့ရဟန်းတို့အား မအပ်ပါဘူး၊ ဒါ့ကြောင့် ဒီမြက်ကို ယူပြီး ပြန်လာရတာပဲ-ဆိုတဲ့ ရသေ့ရဲ့ စကားကို ကြားရတဲ့အခါ ရိုးလှတဲ့ သူကြွယ်က အဲဒီနားမှာ စွန့်ထားခဲ့ပြီး ကြွတာပေါ့ဘုရားလို့လဲပြောဆိုပါတယ်၊ သိပ်သံသယ ကုက္ကုစ္စရှိတာပဲလို့ တွေးပြီး အတိုင်းထက်အလွန်လဲ ကြည်ညိုသွားပါတယ်။
အဲဒီအချိန်မှာ ဘုရားလောင်းက သူကြွယ့်အိမ်မှာ တည်းခိုနေထိုင်ပါတယ်၊ ရသေ့ရဲ့ စကားကို ကြားရတယ်ဆိုရင်ပဲ ဒီရသေ့က သူကြွယ်ရဲ့ ပစ္စည်းဥစ္စာ တစ်စုံတစ်ရာကို ယူထားတာ ဖြစ်ပေလိမ့်မယ်လို့ ရိပ်မိသွားပါတယ်၊ ဒါနဲ့ မိတ်ဆွေရဲ့ ဆရာ့ထံမှာ ဘာများအပ်နှံထားတာ ရှိပါသလဲ?၊ အပ်နှံထားရင်သွားကြည့်စမ်းပါဦးလို့ သတိပေးမှ သွားကြည့်တဲ့အခါ ရွှေများကို မတွေ့ရတော့တဲ့အတွက် ဧည့်သည်နှင့်အတူ ရသေ့နောက်ကိ အပြေးအလွှား လိုက်သွား
ကြပါတယ်၊ ရသေ့ကို ဖမ်းပြီး ထူထောင်းရိုက်နှက်လို့ ရွှေကို ယူလာခဲ့ကြပါတယ်။
တို့မှာ သူများပစ္စည်းဥစ္စာကို လိုချင်မက်မောမှုဆိုတာ မရှိပါဘူးလို့ ပြောတာ, ရွှေခိုးပေါ်မှာကို စိုးလို့ သက်ကယ်မြက်ပင် တစ်ပင်ကို ပြန်ပေးတာတွေဟာ မာယာပဲ ဖြစ်ပါတယ်။
ဒီလိုပဲ ဒီပရိယာယ်မာယာစာ အကြီး, အငယ်, အရွယ်အလတ်, မိန်းမ, ယောက်ျား, ဂုဏ်ရှိ, ဂုဏ်မဲ့, ရသေ့ အတန်းအစားမခွဲခားဘဲ လူပေါင်းစုံတို့ရဲ့ သန္တာန်မှာ တည်ရှိနေပါတယ်။
ဒီမာယာကိုပဲ ပရိယာယ်-(ဟန်ဆောင်လှည့်စားမှု), ပလီ-(လိမ်လည်လှည့်ပတ်မှု), အပလိန်း-(ပရိယာယ် မာယာဖြင့် လှည့်ပတ်ပြောဆို-ပြုမူမှု),ပလိစိချောက်ချက်-(အမျိုးမျိုးညာဖြန်းပြောဆိုမှု) လှည့်စားခြင်း, ဟန်ဆောင်ခြင်းလို့ အမျုးမျိုး အဖုံဖုံ ပြောဆိုနေကြပါတယ်။
"ပရိယာယ်တစ်ထောင်, မာယာကောင်တစ်သိန်း, အပလိန်းအနန္တ, သဲကိုးဖျာမလောက်လို့ ရှားပင်က ရှားရွက်တွေကိုပင် ရောနှော၍ ရေတွက်ရသည်" ။ ဒီလိုလဲ ရှေးလူကြီးသူမတု့ ပြောစမှတ် ပြုခဲ့ကြပါတယ်။
မာယာမျိုးစုံ
တစ်ဖက်သားကို မျက်နှာချိုသွေးကာ ဖုံးကွယ်ခြင်း, မျက်နှာပြောင်တိုက် အရေးမစိုက်သလိုလုပ်ကာ ဖုံးကွယ်ခြင်း, ကိုယ်မလေုပ်သလို ဟန်ဆောင်ကာကွယ်ခြင်း, အပြစ်ကင်းဟန် ခပ်ထန်ထန်နဲ့ ဆောင်ကြီးအောင့်ကြီးလုပ်ကာ ဖုံးကွယ်ခြင်း, အပြစ်တင်မယ့်သူ ကြောက်လောကအောင် ခြောက်လို့ ဖုံးကွယ်ခြင်း, အပြစ်တင်မယ့်သူကို မြှောက်လို့ ဖုံးကွယ်ခြင်း-စသည်ဖြင့် မာယာရဲ့ အပြစ်ကာကွယ်ပုံ နည်းများက စုံလင်လှပေတယ်။
သမုဒယ
သစ္စာ ၄-ပါး ခွဲစိတ်ဝေဖန်ခန်းမှာတော့ ဒီလောဘကို သမုဒယ သစ္စာဆိုတဲ့ အမည်နဲ့ ခေါ်ဝေါ်သုံးစွဲထားပါတယ်၊ သမုဒယဆိုတဲ့ စကားက ဒုက္ခဖြစ်ကြောင်းလို့ အဓိပ္ပာယ်ရပါတယ်။
ရှေ့က ပြောလာခဲ့တဲ့ ပေမ, တဏှာ, ရာဂလို့ခေါ်ဆိုရတဲ့ လောဘ ရှိနေလို့ ဆင်းရဲဒုက္ခနှင့် ယှဉ်တွဲလို့ တ၀ဲလယ်လယ် နေကြရပါတယ်၊ ယခုနေအခါမှာ သူရော, ငါပါ တွေ့နေကြရတဲ့ ဒုက္ခကြီးငယ် အသွယ်သွယ်က ဒီတဏှာလောဘ သမုဒယကြောင့်သာ ဖြစ်ပါတယ်၊ ဒါ့ကြောင့်လောဘကြီးရင် ဒုက္ခကြီးတယ်၊ လောဘငယ်ရင် ဒုက္ခငယ်တယ်၊ လောဘမရှိရင် ဒုက္ခလဲ မရှိတော့ဘူးလို့ ဆိုလိုပါတယ်။
ဒီလောဘနှင့် အတူတကွ ဖြစ်တဲ့စိတ်ကို လောဘစိတ်, တဏှာစိတ်, ရာဂစိတ်, သံယောဇဉ်စိတ်လို့ ခေါ်ပါတယ်၊ လူကိုတော့လောဘကြီးသူ, တဏှာကြီးသူ, ရာဂကြီးသူ, သံယောဇဉ်ကြီးသူလို့ ခေါ်ရပါတယ်။
ရာဂ
အဆိုပါ ကာမဂုဏ် ၅-ပါး အာရုံတရားတွေထဲက အတွေ့အာရုံ (မေထုန်မှု) ကို အလွန်လိုလားရာမှာ-ရာဂဆိုတဲ့ အမည်နဲ့ သုံးစွဲကြပြန်တယ်၊ ရာဂဆိုတဲ့ စကားက ငြိကပ်စွဲလမ်းခြင်းလို့ အဓိပ္ပာယ်ရပါတယ်။
တဏှာ
အဆင်း, အသံ, အနံ့, အရသာ, အတွေ့အာရုံမျှမကဘဲ တပ်မက်ငတ်ပြတ်မှုမှာ တဏှာဆိုတဲ့အမည်နဲ့ သုံးစွဲပါတယ်၊ တဏှာဆိုတဲ့ စကားက တပ်မက်ခြင်း, ငတ်ပြတ်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။
ပေမ-သံယောဇဉ်
ဒီလောကကို သားသမီး မောင်နှမ ညီအစ်ကို သမီးခင်ပွန်း-စတဲ့ အိမ်သူ အိမ်သားချင်း ချစ်ခင်မှု, ဆွေမျိုးချစ်ခင်မှု, ဆွေလိုမျိုးလို ချစ်ခင်မှုတွေမှာ ပေမဆိုတဲ့ အမည်နှင့် သုံးစွဲပါတယ်၊ ပေမဆိုတဲ့ ပါဠိစကားက ချစ်ခင်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်၊ ဒီချစ်ခင်ခြင်းမျိုးစုံကို သံယောဇဉ် တွယ်တယ်လို့လဲ ခေါ်ကြပါတယ်၊ သံယောဇဉ်ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကတော့ နှောင်ကြိုးပဲ ဖြစ်ပါတယ်၊ ကြိုးနဲ့ ချည်နှောင်ထားသလို တစ်ယောက်ကို တစ်ယောက် မခွဲမခွာရက်အောင် ချည်နှောင်ခြင်းလို့ ဆိုလိုပါတယ်။
[ဗုဒ္ဓအလိုတော်ကျ ကြီးပွားချမ်းသာရေး ကိုယ်ကျင့်မင်္ဂလာ၊ မြောင်းမြပဇ္ဇောတာရုံနှင့် မှော်ဘီ သာသနာ့ဝန်ဆောင်ဆရာတော် အရှင်ကုမာရ] စာအုပ်မှ ကူးယူဖော်ပြသည်။ ]
လောဘ
တပ်မက်ခင်မင် လိုချင်မက်မောခြင်း သဘောကို "လောဘ" လို့ ခေါ်ပါတယ်၊ လိုချင်ခြင်းသဘောကို လောဘဆိုပေမယ့် လိုချင်တိုင်းကိုလောဘမခေါ်ရပါ၊ ကာမဂုဏ်ဆိုင်ရာ လိုချင်တိုင်းကို လောဘမခေါ်ရပါ၊ ကာမဂုဏ်ဆိုင်ရာ လိုချင်မှုမျိုးကိုသာ လောဘခေါ်ရပါတယ်။
နိဗ္ဗာန်ကို လိုချင်မှု, စာပေအတတ်ပညာ တတ်ချင်မှု, အလှူဒါနပြုလုပ်ရန် ပစ္စည်းဥစ္စာကို လိုချင်မှု-စတဲ့ ကောင်းတဲ့ဘက်မှာ လိုချင်မှုများကိုတော့ လောဘလို့ မဆိုသင့်ပါ၊ ရှေ့ကပြောပြလာခဲ့တဲ့ ဆန္ဒလို့သာ ဆိုသင့်ပါတယ်။
ဒီလောဘဟာ အာရုံကို တပ်စွဲခြင်းသဘော ရှိပါတယ်၊ တပ်စွဲခြင်းသဘောရှိပါတယ်၊ တပ်စွဲခြင်းသဘောဆိုတာက အာရုံကို ယူကာမတ္တ မဟုတ်ပါဘူး၊ လောဘရဲ့ အကြီးအသေးအလိုက် ထိုက်သည်အားလျော်စွာ တမ်တမ်းစွဲ ငမ်းငမ်းတက် တပ်မက်ခင်မင် လိုချင်တာမျိုးပဲဖြစ်ပါတယ်။
လောဘရဲ့ အာရုံယူပုံကို မျောက်နှဲ့စေးက မျောက်ကို ဖမ်းထားပုံနှင့် ဥပမာ ပြကြပါတ်ယ်၊ သစ်ပင်က ထွက်ကျနေတဲ့ မျောက်နှဲစေးလို့ခေါ်တဲ့ သစ်စေးပုံအနားကို အထူးအဆန်းမြင်ရင် ဆော့ချင်တတ်တဲ့ မျောက်တစ်ကောင် ရောက်လာပါတယ်၊ ဒီတော့ မျောက်က သစ်စေးပုံကို လက်တစ်ဖက်နဲ့ နှိပ်စမ်းကြည့်ပါတယ်၊ သစ်စေးပုံက အဲဒီလက်ကို စေးကပ်ဖမ်းယူထားပါတယ်၊ ပထမလက်ကွာအောင် အခြားဘက်တစ်ဖက်နဲ့
ခွာပြန်တယ်၊ အဲဒီလက်ကိုလဲ စေးကပ်ဖမ်းယူထားပြန်တယ်၊ လက် ၂-ဖက်လုံးကွာအောင် ပါးစပ်နဲ့ကိုက်လို့ ခွာပြန်တယ်၊ ပါးစပ်ကိုလဲ စေးကပ်ဖမ်းယူထားပြန်တယ်၊ လက်ရော, ပါးစပ်ပါ တစ်ခါတည်းကွာအောင် ခြေ ၂-ဖက်နှင့် ဘယ်ပြန် ညာပြန် တွန်းကန်ပြန်တယ်။ ခြေ ၂-ဖက်ကိုလည်း စေးကပ်ဖမ်းယူထားလိုက်ပြန်ပါတယ်၊ ဒီတော့ ကွာလိုကွာငြား သဘောထားပြီး ကိုယ်နဲ့ဖိလို့ ခွာလိုက်တဲ့အခါ အိကနဲနေကာ ခွာလို့မရအောင်
ဖွဲ့နှောင်ထားလိုက်ပါတယ်၊ ဒီလိုပဲ လောဘတရားကလဲ ၆-ပါးသော အာရုံတို့ ထိခိုက်လာရင် တမ်းတမ်းစွဲ ငမ်းငမ်းတက် မခွာရက်အောင် ဖမ်းယူထားတတ်ပါတယ်၊ [ မျောက်နှဲစေးနှင့် လောဘ, မျောက်ရဲ့ လက်ခြေပါးစပ် ကိုယ် ၆-ပါးတို့ တူကြပါတယ်။ ]
[ဗုဒ္ဓအလိုတော်ကျ ကြီးပွားချမ်းသာရေး ကိုယ်ကျင့်မင်္ဂလာ၊ မြောင်းမြပဇ္ဇောတာရုံနှင့် မှော်ဘီ သာသနာ့ဝန်ဆောင်ဆရာတော် အရှင်ကုမာရ] စာအုပ်မှ ကူးယူဖော်ပြသည်။ ]
မာန
ထောင်လွှားတက်ကြွခြင်းသဘောကို “မာန” လို့ ခေါ်ပါတယ်၊ ဒီမာနဟာ ထောင်လွှားတက်ကြွခြင်းသဘော ရှိပါတယ်၊ လောကမှာ ပုဂ္ဂိုလ်အတန်းအစားခွဲရင် -
၁။ သေယျပုဂ္ဂိုလ် = အထက်တန်းစားလူမျိုး၊
၂။ သဒိသပုဂ္ဂိုလ် = အများနှင့် တန်းတူလူမျိုး၊
၃။ ဟီနပုဂ္ဂိုလ် = အောက်တန်းစားလူမျိုး
ဒီလို (၃) မျိုးကို တွေ့နိုင်ပါတယ်၊ တစ်မျိုးတစ်မျိုးမှာ -
က။ သေယျမာန် = အမျိုးဥစ္စာ ပညာအဆင်း အစရှိတာနဲ့ အဖက်ဖက်က သူများထက် သာတယ် - လို့ မှတ်ထင်မှု၊
ခ။ သဒိသမာန် = အမျိုးဥစ္စာ ပညာအဆင်း အစရှိတာနဲ့ သင်းတို့နှင့် ဘာထူးသလဲ - လို့ မှတ်ထင်မှု၊
ဂ။ ဟီနမာန် = သူတို့အောက်ကျတော့ ငါက ဘာအရေးစိုက်ရမှာလဲ - လို့ မှတ်ထင်မှု။
ဒီလို သုံးမျိုးစီ ကွဲပြားနိုင်ပါတယ်။
ဒီ (၉) မျိုးထဲက သေယျပုဂ္ဂိုလ်ရဲ့ သေယျမာန်၊ သဒိသပုဂ္ဂိုလ်ရဲ့ သသိသမာန်၊ ဟီနပုဂ္ဂိုလ်ရဲ့ ဟီနမာန်ဟာ ဟုတ်မှန်တဲ့အတိုင်း မာန်မူခြင်း (ယာထာဝမာန်) မည်ပါတယ်၊ ဒီယာထာဝမာန်မျိုးကို အရဟတ္တမဂ်ကသာ ပယ်နိုင်ပါတယ်။
ဇာတိမာန်
မျိုးရိုးကောင်းတဲ့အတွက် မာန်တက်တာမျိုးကို ဇာတိမာန်လို့ ခေါ်ပါတယ်၊ ယခုခေတ်မှာလဲ အသင့်အတင့် မျိုးရိုးကောင်းသူတွေ ရှိနေတတ်ပါတယ်၊ ဒါပေမယ့် ဟန်ကြီးပန်ကြီးလုပ်ကာ မာန်မာနတက်လောက်အောင် တစ်ဖက်သားကို ကိုယ့်ခြေဖ၀ါးအောက်ကလို မှတ်ထင်ရလောက်အောင် မျိုးရိုးကောင်းကြတာမျိုးတော့ မဟုတ်ပါ။
ရှေးဘ၀က မထောင်လွှားမတက်ကြွ မာန်မာန မကြီးခဲ့လို့ မြင့်မြတ်တဲ့ အမျိုးဖြစ်ရတာကို အကြောင်းပြုပြီး ယခုဘ၀မှာ ထောင်လွှားတက်ကြွ မာန်မာနကြီးနေခဲ့ပါလျှင် နောင်ဘ၀သံသရာမှာ ယုတ်ညံ့အောက်ကျ သူတစ်ပါးရဲ့ ခြေဖ၀ါးအောက်သို့ ရောက်ရမယ့်အရေးကို အဖန်ဖန်တွေးလို့ မိမိရဲ့ စိတ်ဓာတ်ကို ဖြူဖွေးသန့်စင် မာန်မာန မ၀င်အောင် ပြုပြင်သင့်ပါတယ်။
ဓနမာန်
ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝတာကို အကြောင်းပြုလို့ ဖြစ်ပေါ်လာတဲ့ မာန်မာနမျိုးကို ဓနမာန် (ဥစ္စာမာန်) လို့ ခေါ်ပါတယ်၊ ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝသူတွေက ပစ္စည်းဥစ္စာ မရှိသူတွေနှင့် အတူမသွားနိုင်၊ အတူမစားနိုင်၊ အတူစကားမပြောနိုင်ဘဲ မာန်မာနတက်ကာ အဖက်မတန်သလို ဟန်ကြီးပန်ကြီး လုပ်မနေသင့်ပါ၊ ရှေးက အလှူ ဒါနည်းခဲ့လို့ ယုခဘ၀မှာ ဆင်းရဲနေကြရတာပဲလို့ သနားကြင်နာ ကရုဏာသက်ပြီး သူတို့ကို နှုတ်နဲ့လဲ ကူညီသင့်ပါတယ်၊ ကိုယ်နဲ့လဲ ကူညီသင့်ပါတယ်၊ အခြေနေအားလျော်စွာ ပစ္စည်းဥစ္စာ နဲ့လဲ ကူညီသင့်ပါတယ်၊ အဲဒီလို ကူညီလိုက်တဲ့အတွက် မိမိမှာ ဂုဏ်တက်လာစရာသာ ရှိပါတယ်၊ ဂုဏ်ယုတ်စရာ မရှိပါ၊ မိမိမှာ အကြောင်းကိစ္စရှိတဲ့အခါမှာလဲ သူတို့ရဲ့ အကူအညီကို ရနိုင်ပါသေးတယ်၊ ဒါပေမယ့် သူ့ကျေးဇူးကို မသိတတ်ဘဲ အင်မတန် မိုက်တွင်းနက်နေသူတွေကိုတော့ သတိထားသင့်ပါတယ်။
ဒီပစ္စည်းဥစ္စာဆိုတာဟာ တစ်သက်စာမျှသာ ဖြစ်ပါတယ်၊ ဘေးအန္တရာယ်လဲ အလွန်များလှပါတယ်၊ ခိုင်မြဲမှုသဘောလဲ မရှိပါ။ ပစ္စည်းသင်္ခါရ လူသင်္ခါရသာ ဖြစ်ပါတယ်၊ တစ်နေ့မှာ ပစ္စည်းဥစ္စာကဖြစ်စေ၊ ပစ္စည်းဥစ္စာရဲ့ ပိုင်ရှင်ကဖြစ်စေ စွန့်ခွာသွားတတ်ပါတယ်၊ ဒါ့ကြောင့် ဒီဘ၀မှာ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝသလို နောက်ဘ၀မှာလဲ ချမ်းသာကြွယ်ဝအောင် ဥစ္စာမာန် တက်နေမယ့်အစား အလှူဒါနကို စွမ်းအားအလျောက် ပြုလုပ်ကာ ကိုယ့်နောက်ကိုသာ အပါယူသွားသင့်ပါတယ်။
ပညာမာန်
စာပေတတ်ကျွမ်းသူတွေရဲ့ မာန်ကို စာပေမာန်လို့ ခေါ်ပါတယ်၊ စာပေပညာဆိုတာဟာ မသင့်တော်တာကို မသင့်တော်မှန်းသိအောင် အသိအလိမ္မာကိုလဲ ပေးတတ်ပါတယ်၊ သင့်တော်တာကို သင့်တော်မှန်းသိအောင် အိအလိမ္မာကိုလဲ ပေးတတ်ပါတယ်၊ တစ်ဦးနှင့် တစ်ဦး ပေါင်းသင်းဆက်ဆံရာမှာ ယဉ်ကျေးသိမ်မွေ့အောင်၊ အဆင်ပြေအောင် အသိအလိမ္မာကိုလဲ ပေးတတ်ပါတယ်၊ ဒါပေမယ့် ဒီပညာကို အကြောင်းပြုပြီး မာန်မာနကြီးနေမယ်ဆိုရင် အင်မတန်ရှက်စရာ ကောင်းလှပါတယ်။
ရှေးဘ၀က သူတော်မြတ်တွေကို ချဉ်းကပ်လျှောက်ထား ဆွေးနွေးလာခဲ့တဲ့အတွက် ဒီဘ၀မှာ မိမိကိုယ်တိုင်က ပညာကြီးသူ ဖြစ်လာရပါတယ်၊ ပညာသင်ခွင့်လဲ ရခဲ့ပါတယ်၊ ဒီလို အခွင့်သာလို့ ပညာတတ်လာတဲ့ ပုဂ္ဂိုလ်က အကြောင်းမညီညွတ်လို့ ပညာမသင်ရသူတွေ၊ ပညာသင်ရစေကာမူ ဥာဏ်ထိုင်းလှတဲ့အတွက် ပညာမတတ်သူတွေို့ တွေ့ရတဲ့အခါမှာ မောက်မာမော်ကြွား မာနထားနေမယ့်အစား သနားကြင်နာ ကရုနာထားသင့်ပါတယ်၊ သို့မဟုတ် အခွင့်အခါသင့်ပါက တစ်ဆင့်သင်ကြားပေးသင့်ပါတယ်၊ ပညာမာန်တက်ကာ ကိုယ့်ဘ၀ကို မနစ်နာစေသင့်ပါ။
အဆင်းမာန်
အလှဂုဏ်အတွက် မာန်တက်ခြင်းကို အဆင်းမာန်လို့ ခေါ်ပါတယ်၊ ရှေးဘ၀က အစစ အရာရာမှာ သည်းခံကာ အမျက်ဒေါသ နည်းလာခဲ့တဲ့အတွက်လဲ အဆင်းလှတတ်ပါတယ်၊ ဘုရားဝင်း ကျောင်းဝင်း စသည်တို့ကို သုတ်သင်ရှင်းလင်းခဲတဲ့ အတွက်လဲ အဆင်းလှတတ်ပါတယ်၊ ပန်း စသည်တို့ကို လှူဒါန်းခဲ့တဲ့အတွက်လဲ အဆင်းလှတတ်ပါတယ်၊ ဒီလို ကုသိုလ်ကောင်းမှုတွေကြောင့် ရလာတဲ့ ကိုယ့်အဆင်းကို အကြောင်းပြုပြီး ဟန်ကြီးပန်ကြီး မလုပ်သင့်ပါ၊ အလှမာန်တက်ကာ ဘ၀င်မမြင့်သင့်ပါ၊ အလှဂုဏ်ကိုးကာ မဆိုးသင့်ပါ၊ ရှေးကုသိုလ်ကံကြောင့် ရလာတဲ့ အဆင်းကို အကြောင်းပြုပြီး အကုသိုလ်မာန် တက်နေတာဟာ အင်မတန်မှားတဲ့ ကိစ္စဖြစ်ပါတယ်၊ အပြင်အဆင်းလှသလို အတွင်းစိတ်ကို အစွမ်းကုန် ပြုပြင်လို့ ဣနြေ္ဒရှင် သူတော်စင်တွေ ဖြစ်အောင်သာ ကြိုးစားသင့်ပါတယ်။
လိုရင်းမှာ - ရှေးဘ၀က မထော်ငလွှား မတက်ကြွ မာန်မာန မကြီးခဲ့လို့ ယခု မြင့်မြတ်တဲ့ အမျိုးမှာ ဖြစ်လာရပါတယ်၊ ရှေးဘ၀က အလှူဒါနပြုလုပ်ခဲ့လို့ ဒီဘ၀မှာ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝလာရပါတယ်၊ ရှေးဘ၀က သူတော်သူမြတ်တွေကို ချဉ်းကပ်လျှောက်ထား ဆွေးနွေးမေးမြန်းလာခဲ့တဲ့အတွက် ဒီဘ၀မှာ ပညာကြီးလာရပါတယ်၊ ရှေးဘ၀က အမျက်ဒေါသနည်းခဲ့၊ ဘုရားဝင်း၊ ကျောင်းဝင်း စသည်ကို သုတ်သင်ခဲ့၊ ပန်း စသည်ကို လှူဒါန်းခဲ့လို့ ယခုဘ၀မှာ အဆင်းလှခဲရပါတယ်၊ ဒီလို မိမိမှာ ကုသိုလ်ကောင်းမှုကြောင့် ရရှိလာတဲ့ အမျိုး၊ ဥစ္စာ၊ ပညာ၊ အဆင်းကို အကြောင်းပြုပြီး မာန်မာနတက်ကြွနေတာဟာ နောင်ယုတ်နိမ့်တဲ့ဘ၀မှာ ဖြစ်စရာ အကြောင်းပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် နောက်နောက် ဘ၀တွေမှာ အဆင့်အဆင့်မြင့်တက်မဲ့ အရေးကို မျှော်တွေးပြီး ထောင်လွှားတက်ကြွ မိမိတို့ရဲ့ မာန်မာနကို အစွမ်းကုန် နှိမ်ချိုးနိုင်ကြပါစေ။
[ဗုဒ္ဓအလိုတော်ကျ ကြီးပွားချမ်းသာရေး ကိုယ်ကျင့်မင်္ဂလာ၊ မြောင်းမြပဇ္ဇောတာရုံနှင့် မှော်ဘီ သာသနာ့ဝန်ဆောင်ဆရာတော် အရှင်ကုမာရ] စာအုပ်မှ ကူးယူဖော်ပြသည်။
၎။ ဥဒ္ဓစ္စ
    စိတ်ရဲ့ပျံ့လွင်ခြင်း, စိတ်ရဲ့ အထင်သို့လွင့်တက်ခြင်း, စိတ်ရဲ့ မငြိမ်သက်ခြင်း သဘောကို ဥဒ္ဓစ္စလို့ ခေါ်ပါတယ်၊ ဥဒ္ဓစ္စနှင့် ယှဉ်တဲ့စိတ်က အာရုံတစ်ခုပေါ်မှာ ငြိမ်သက်စွာ တည်မနေနိုင်ပါဘူး၊ အထက်အထက်သို့ လွင့်ကာလွင့်ကာ တက်နေသလို ဖြစနေပတယ်၊ လေအဟုန် တိုက်ခတ်တဲ့အတွက်ရေပြင်က မငြိမ်မသက် ဖြစ်ရသလို အာရုံကို ငြိမ်သက်စွာ မယူနိုင်ခြင်းဟာ ဥဒ္ဓစ္စရဲ့ သဘောဖြစ်ပါတယ်။
    အလံတိုင်ရဲ့ အပေါ်မှာ ဆွဲထားတဲ့ အလံဟာ ကောင်းစွာ တည်တံ့မနေဘဲ လေတိုက်တိုင်း လွင့်ကာလွင့်ကာ နေသလို အာရုံတစ်ခုပေါ်မှာကောင်းစွာ မတည်နိုင်ခြင်းဟာလဲ ဥဒ္ဓစ္စရဲ့ ကိစ္စပဲ ဖြစ်ပါတယ်။
    ဒီလို အာရုံတစ်ခုပေါ်မှာ ကောင်းစွာ မတည်ခြင်းကိစ္စနှင့် ဥဒ္ဓစ္စရဲ့ ယူပေးမှုကြောင့် ယှဉ်ဘက်တရားတွေကလဲ အာရုံကိ တည်တံ့စွာ မယူနိုင်ကြပါဘူး၊ ဧကဂ္ဂတာလို့ခေါ်တဲ့ သမာဓိကတောင်မှ ဥဒ္ဓစ္စနှင့် ယှဉ်ခိုက်မှာ အာရုံကို ယူမိရုံမျှသာ တည်နိုင်ပါတယ်၊ အခြားယှဉ်ဘက်စိတ်များမှာ ယှဉ်ရသလို ကျကျနန စိတ်အစဉ်တည်တံ့အောင် မယူနိုင်ပါ။
    ဒါ့ကြောင့် ဥဒ္ဓစ္စဟာ ပြာပုံတစ်ခုပေါ်သို့ ကျောက်ခဲကို ပစ်ထည့်လိုက်တဲ့အခါ ထောင်းကနဲ လွင့်တက်လာတဲ့ ပြာတွေလို အာရုံတစ်ပေါ်မှာ ငြိမ်သက်စွာ မတည်နိုင်ဘဲ ဟိုအာရုံရောက်လိုက်, ဒီအာရုံရောက်လိုက် ဖြစ်နေတတ်ပါတယ်၊ ဒီဥဒ္ဓစ္စနှင့် အတူဖြစ်တဲ့ စိတ်ကလဲပဲ စိတ်လေစိတ်လွင့် ဖြစ်လာပါတော့တယ်၊ ဥဒ္ဓစ္စအားကြီးနေတဲ့အခါ လူ့တစ်ကိုယ်လုံးလဲ မငြိမ်မသက် ဖြစ်နေရတဲ့အတွက် လူလေလူလွင့် လူ့ဘော်ကျော့ ဖြစ်လာတတ်ပါတယ်။
    ဥဒ္ဓစ္စက သ့ပင်ကိုယ်သဘောအနေနဲ့ ဘယ်အာရုံမှာမျှ တည်တည်တံ့တံ့ မရှိ၊ ဟိုအာရုံရောက်လိုက်, ဒီအာရုံရောက်လိက်နဲ့ ပျံ့လွင့်နေတဲ့အတွက် မကောငးဆိုးဝါး အကုသိုလ်တရား ဖြစ်နေပေမယ့် ဘယ်ဒုစရိုက်ကိုမျှ ထိထိမိမိ မပြုတဲ့အတွက် လောဘ, ဒေါသ-စသည်တို့လို အပါယ်ကျရောက်အောင် သတ္တိအင်အား မကြီးမားလှပါ။
    ဒီမောဟ, အဟိရိက, အနောတ္တပ္ပ, ဥဒ္ဓစ္စဆိုတဲ့ တရား ၄-ခုဟာ အကုသိုလ်ဖြစ်တိုင်းမှာ ပါဝင်နေပါတယ်၊ ဒါ့ကြောင့် ဒီစေတသိက် ၄-ပါးကို "သဗ္ဗာကုသလသာဓာရဏစေတသိက်"လို့လဲ ခေါ်ကြပါတယ်။
[ဗုဒ္ဓအလိုတော်ကျ ကြီးပွားချမ်းသာရေး ကိုယ်ကျင့်မင်္ဂလာ၊ မြောင်းမြပဇ္ဇောတာရုံနှင့် မှော်ဘီ သာသနာ့ဝန်ဆောင်ဆရာတော် အရှင်ကုမာရ] စာအုပ်မှ ကူးယူဖော်ပြသည်။
၃။ အနောတ္တပ္ပ
    မကြောက်လန့်ခြင်း သဘောကိုလဲ "အနောတ္တပ္ပ" လို့ခေါ်ပါတယ်၊ အနောတ္တပ္ပဟာ မကောင်းမှုကို မကြောက်မရွ့ခြင်း, မထိတ်လန့်ခြင်းသဘော ရှိပါတယ်၊ မကောင်းမှုကို ပြုလုပ်သူတို့ မလွှဲသာ မရှောင်သာ တွေ့ရတတ်တဲ့ ဘေးကြီး ၄-ပါးကို ပြောပြပါဦးမယ်။
    ၁။ အတ္တာနုဝါဒအား = [အတ္တ - ကိုယ့်ကိုကိုယ် + အနုဝါဒ - စွပ်စွဲခြင်း၊ ] မကောင်းမှုကို ပြုလုပ်မိလို့ရှိရင် "သူများတကာက ငါ့ကို လူကြီးလူကောင်း, သူတော်ကောင်းလို့ အသိအမှတ်ပြုနေကြတယ်၊ ဒါပေမယ့် ငါ့အကြောင်းကိုတော့ ငါကသာ အသိဆုံးဖြစ်ပါတယ်၊ ငါက သူတို့ထင်သလို တကယ့်သူတော်ကောင်းအစစ် မဟုတ်ပါဘူး၊ မကောင်းမှု ဒုစရိုက်တွေကို ခိုးကြောင်ခိုးဝှက် ပြုလုပ်နေတဲ့ အယောင်ဆောင် ကြောင်သူတော် တစ်ယောက်မျှသာ ဖြစ်ပါတော့တယ်" လို့ ကိုယ့်ကိုကိုယ် ပြန်လို့ စွပ်စွဲခြင်း, ကိုယ့်ကိုကိုယ် မကြည်ညိုနိုင်ခြင်းဘူး။
    ၂။ ပရာနုဝါဒဘေး = [ ပရ - သူတစ်ပါးတို့က + အနုဝါဒ - စွပ်စွဲခြင်း၊ ] ဒီလူဟာ အကုသိုလ် ဒုစရိုက်တွေကို ပြုလုပ်နေတဲ့ လူယုတ်မာ တစ်ယောက်ပဲလို့ သူတစ်ပါးတို့ရဲ့ စွပ်စွဲကဲ့ရဲ့ခံရခြင်း, အထင်သေး အမြင်သေးခံရခြင်းဘေး။
    ၃။ ဒဏ္ဍဘေး = အကုသိုလ် ဒုစရိုက်တွေကို ပြုလုပ်မိခဲ့ပါရင် ယခုဘ၀မှာပဲ သူ့ကိုသတ်မိလို့ ကိုယ်လဲသေစားသေရခြင်း, သူ့ဥစ္စာကို ခိုးမိလို့ အရိုက်အနှက် ခံရခြင်း, ထောင်ဒဏ်အပြစ်ပေးခံရခြင်း, သူတစ်ပါးရဲ့ ဇနီးတွေ သမီးပျိုတွေကို ပြစ်မှားကျူးလွန်မိလို့ အရိုက်အနှက်ခံရခြင်း, ငွေဒဏ်တပ်မှု ထောင်ဒဏ်ပေးမှုကို ခံရခြင်း - စတဲ့ ဒုက္ခဘေးရန် အပြစ်ဒဏ် အမျိုးမျိုးကို ခံရခြင်းဘေး။
    ၄။ ဒုဂ္ဂတိဘေး = မကောင်းမှု အကုသိုလ်ဒုစရိုက်ကို ပြုမိတဲ့အတွက် သေခါနီးကျမှ အကြီးအကျယ် နောင်တရလို့ နောင်ဘ၀မှာ ကြုံတွေ့ရမယ့် အပါယ် ၄-ပါးဆိုတဲ့ မကောင်းသော ဂတိသို့ ရောက်ရမယ့်ဘေး။
အကုသိုလ် ဒုစရိုက်ကို ပြုထားမိရင် လူပါးလူနပ်ဖြစ်လို့ ရှေ့ဘေးကြီး ၃-ပါးက လွတ်နိုင်မယ့် နော်င်ဘ၀သံသရာအရေး ဒုဂ္ဂတိဘေးက လွတ်ကင်းအောင် ရှောင်တိမ်းရန်တော့ ခဲယဉ်းလှပါတယ်၊ ဒါ့ကြောင့် မကောင်းမှု အကုသိုလ် ဒုစရိုက်မှန်က တကယ်ပဲ ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းလှပါတယ်၊ ဒါပေမယ့် မီးတောက် မီးလျှံကိ ပိုးဖလံကောင်လေးတွေက (ရွှေတောင်ကြီးထင်လေရော့သလားမသိ) အတင်းတိုးဝှေ့ကြသလို အနောတ္တပ္ပကိန်ူသူတွေကလဲ ကြောက်ရွံ့စရာ မကောင်းမှု အကုသိုလ် ဒုစရိုက်တွေကို မကြောက်မရွံ့ဘဲ ရဲရဲကြီး ပြုနေကြပါတော့တယ်။
    ဒီနေရာမှာလဲ ဟရိတစရသေ့ရဲ့ အကြောင်းကိုပဲ ပြန်လည်သုံးသပ်ကြည့်စေလိုပါတယ်၊ ဟရိတစရှင်ရသေ့မှာ-ကိုယ့်ကိုကိုယ် မကြည်ညိုနိုင်စရာ အတ္တာနုဝါဒဘေး, ရှင်ဘုရင်ရဲ့ ဆရာဖြစ်တဲ့ ရှင်ရသေ့က မိဖုရားနှင့် ဖော်ကပြားယွင်းမှားနေသတဲ့လို့ တစ်မြို့လုံး ပျံ့နှံ့ပြောဆိုနေကြတဲ့ ပရာနုဝါဒဘေး-
ဒီဘေး ၂-ခုက လကင်င်းဒိဌ တွေ့ကြုံနေရတဲ့ ဘေးတွေဖြစ်ကြပါတယ်၊ ဒါပေမယ့် မရှောင်နိုင်တော့ဘဲ နေ့စဉ်ရက်ဆက် ပြုလုပ်နေပါတော့တယ်၊ ဒါ့အပြင် ရှင်ဘုရင်က ပါရမီဖြည့်ဘက် သူတော်ကောင်းကြီးဖြစ်လို့သာ တော်ပါသေးတယ်၊ သာမန်ရှင်ဘုရင်မျိုးသာ ဖြစ်ခဲ့ပါရင် မိမိရဲ့ ကြင်ရာတော် မိဖုရားကို ပြစ်မှားလွန်ကျူးတဲ့အတွက် ရှင်ရသေ့ရဲ့ အသက်ဘေးမှာ တွေးဝံ့စရာပင် မရှိတော့ပါ၊ ဒီမျှလောက် သေဘေးနှင့် နီးကပ်နေတဲ့ အမှုကြီးကို အနောတ္တပ္ပ၀င်လာတဲ့အတွက် ဘာကိုမှ ထီမထင်တော့ဘဲ ရဲရဲကြီး ပြုဝံ့ပါတော့တယ်၊ ဒီအနောတ္တပ္ပနှင့် အတူဖြစ်တဲ့စိတ်ကို အနောတ္တပ္ပစိတ်-လို့ ခေါ်ပါတယ်။
[ဗုဒ္ဓအလိုတော်ကျ ကြီးပွားချမ်းသာရေး ကိုယ်ကျင့်မင်္ဂလာ၊ မြောင်းမြပဇ္ဇောတာရုံနှင့် မှော်ဘီ သာသနာ့ဝန်ဆောင်ဆရာတော် အရှင်ကုမာရ] စာအုပ်မှ ကူးယူဖော်ပြသည်။
၂။ အဟိရက
    အဟိရိကကတော့ မကောင်းမှု ပြုရမှာကို မရွံရှာ မစက်ဆုပ်ခြင်း, မရှက်ခြင်း သဘောရှိပါတယ်။
    မကောင်းမှု ဒုစရိုက်ဆိုတာဟာ သူတော်ကောင်းတို့သဘောနှင့် စဉ်းစားကြည့်မယ်ဆိုရင် စက်ဆုပ်ရွံရှာဖွယ်ရာသာ ဖြစ်ပါတယ်၊ ဒုစရိုက်ကို ပြုမိပြန်ရင် ပညာရှိသူတော်ကောင်းတို့ အလယ်မှာ ရှက်စရာကောင်းလှပါတယ်။
    ဒါပေမယ့် ရွာဝက်ဟာ မစင်ဗွက်ကိ မစက်ဆုပ် မရွံရှာနိုင်ဘဲ မစင်ဗွက်ထဲမှာ လူးကာ, လှိမ့်ကာ စားကာ, အိပ်ကာ လွန်စွာ ပျော်မွေ့သလို အဟိရိက ကိန်းနေသူကလဲ စက်ဆုပ်ရွံရှာစရာ, ရှက်စရာ ဒုစရိုက်တွေကို မောဟရဲ့ ကွယ်ဝှက်မှုကြောင့် မရှက်သာ မရွံသာ လွန်စွာ နှစ်သက်ပါတော့တယ်။
    အဟိရိက ကိန်းနေသူတွေ အရှက်မရှိသူတွေရဲ့ အလယ်မှာတော့ မကောင်းမှု ဒုစရိုက် များများ ပြုနိုင်တာကိုပဲ ဂုဏ်ကြီးတစ်ခုအနေနဲ့ မှတ်ထင်ကြနေကြပါတယ်၊ အဲဒီလို ဂုဏ်မဟုတ်တာကို ဂုဏ်လို့ထင်နေတာက မောဟဆိုတဲ့
အမှောင်ထုရဲ့ ဖုံးအုပ်ထားမှုကြောင့် ဖြစ်ပါတယ်၊ ဒုစရိုက်မှုမှန်သမျှမှာ မောဟက ပါဝင်နေသလို အဟိရကလဲ ပါဝင်
နေတာချည်းသာ ဖြစ်ပါတယ်။
    ဒီတော့ကာ-ဒီနေရာမှာ မောဟအခန်းက ပြောလာခဲ့တဲ့ ဟရိတစရှင်ရသေ့ရဲ့ အကြောင်းကို ပြန်လည်သုံးသပ်ကြည့်
ကြပါစို့ရဲ့။
    ဟရိတစရှင်ရသေ့က ခုတင်ပေါ်က ရုတ်တရက်အထမှာ ခါးဝတ်လျှောကျသွားတဲ့ မိဖုရားကို တွေ့ရတဲ့အခါ မသင်မတင့်နှလုံးသွင်းမိပါတယ်၊ ဒါ့ကြောင့် ရှင်ရသေ့ရဲ့ သန္တာန်မှာ ငုတ်ဓာတ်, ကိန်းဓာတ်အနေနဲ့ ရှိနေတဲ့ ကာမရာဂ-(၅-ပါး အာရုံ ကာမဂုဏ်ကိုတပ်နှစ်သက်မှု သဘော) က လောဘစိတ်နှင့်အတူ ယှဉ်တွဲထကြွလာပါတော့တယ်၊ အဲဒီလောဘစိတ်နှင့်အတူ မောဟနှင့် ဟိရိကတို့လဲ ယှဉ်တွဲထကြွလာပါတော့တယ်၊ ဒီတော့ မောဟကဖုံးလွှမ်း အဟိရိက ကမရှက်တမ်း လုပ်ထာလိုက်တော့ ရသေ့ကြီးက နန်းတွင်းသူတွေရဲ့ရှေ့မှာ သူရဲသဘက်ပူးသည့်ပမာ ရှက်ရမှာကို မသိတော့ဘဲ မိဖုရားကြီးရဲ့ လက်ကို ဖမ်းဆွဲလိုက်ပါတော့တယ်၊ ဒီတော့ "ယိုသူမရှက် မြင်သူရှက်" ဆိုသလို နန်းတွင်းသူတွေက ကန့်လန့်ကာကို ယူပြီး ကာရံပေးလိုက်ကြရပါတယ်၊ ယခုကိစ္စ၀ယ် ဟရိတစရှင်ရသေ့ရဲ့ ပြုမူပုံမှာ အဟိရိကသဘောဟာ ပေါ်လွင်ထင်ရှားလှပါတယ်။
    အကုသိုလ်မှန်က ရှက်ဖွယ်ချည်းသာ
    ယခုပြောလာခဲ့တဲ့ ကာမမူမျှင်သာ မဟုတ်သေးပါ၊ အကုသိုလ်မှန်က ရှက်စရာချည်းသာ ဖြစ်ပါတယ်၊ အပြင်းအထန် စိတ်ဆိုတာနဲ့အော်ဟစ်ငေါက်ငန်း ကြမ်းတမ်းစွာ ပြောဆိုတဲ့ ဒေါသ, နှလုံးလေပင့် ဘ၀င်မြင့်ကာ ထောင်လွှားတက်ကြွ သူတစ်ပါးကို အဖက်မထင် စိတ်ကြီးဝင်တဲ့မာန, ငြူစူစောင်းမြောင်း မကောင်းပြစ်တင် ကဲ့ရဲ့ချင်တဲ့ ဣဿာ-စသည်တို့လဲ စက်ဆုပ်ရွံရှာ ရှက်စရာကောင်းလှပါတယ်၊ ဒါ့ကြောင့် ဒုစရိုက် မကောင်းမှုမှန်ရင် အကုန်လုံး ရှက်စရာချည်းသာ မှတ်ပါ။
[ဗုဒ္ဓအလိုတော်ကျ ကြီးပွားချမ်းသာရေး ကိုယ်ကျင့်မင်္ဂလာ၊ မြောင်းမြပဇ္ဇောတာရုံနှင့် မှော်ဘီ သာသနာ့ဝန်ဆောင်ဆရာတော် အရှင်ကုမာရ] စာအုပ်မှ ကူးယူဖော်ပြသည်။
၁။ မောဟ (အ၀ိဇ္ဖာ)
    အာရုံမှာ တွေဝေစေတတ်တဲ့အတက် "မောဟ" လို့ခေါ်ပါတယ်၊ ဒီမောဟဟာ ဥာဏ်ရဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်၊ အာရုံမှာ တွေဝေစေတယ်ဆိုပေမဲ့ ၀ိစိကိစ္ဆာသဘောကို မဆုံးဖြတ်နိုင်ဘဲ ဝေတေတေဖြစ်နေတာမျိုး မဟုတ်ပါဘူး၊ အာရုံရဲ့ အမှန်သဘောကို မသိတာဘဲ ဖြစ်ပါတယ်၊ ဒါ့ကြောင့် အာရုံရဲ့ အမှန်သဘောကိ မသိခြင်းသဘောလို့ ဆိုထားခဲ့ပါတယ်။
    ဘ၀င်ကျလို့ အိပ်ပျော်နေသလို မသိရုံသက်သက်လဲ မဟုတ်ပါဘူး၊ ဥာဏ်ကအမှန်ကို သိပြီး မောဟက အမှားကို သိပါတယ်၊ ဒါ့ကြောင့် ဥာဏ်ရဲ့ဆန့်ကျင်ဘက်ဖြစ်တယ်လို့လဲ ဆိုရပါတယ်။
    ဒီမောဟဟာ သိသင့်တဲ့ အရာဌာနကို မိမိကိုယ်တိုင်လဲ မသိတတ်၊ မိမိနှင့် ဖြစ်ဖော်ဖြစ်ဖက် (ယှဉ်ဘက်) အကုသိုလ်စေတသိတ်များနှင့် မိမိဖြစ်နေတဲ့ ပုဂ္ဂိုလ်ကိုလဲ မသိစေတတ်၊ ဒါ့ကြောင့် ဒီမောဟကို "အ၀ိဇ္ဖာ"လို့လဲ ခေါ်ပါသေးတယ်။
    အဘိဓမ္မာသဘောအရ ပြောရမယ်ဆိုရင် သစ္စာ ၄-ပါး, ပုဗ္ဗန္တ, အပရန္တ, ပုဗ္ဗန္တာပရန္တ, ပဋိစ္စသမုပ္ပာယ်-ဒီ ၈-ဌာနတွေ ဖြစ်ပါတယ်။
    အဲဒီ ၈-ဌာနအနက် ဘုံ ၃-ပါးမှာ ရှိရှိသမျှ ရုပ်နာမ်တွေဟာ ဒုက္ခသစ္စာတွေချည်း ဖြစ်ကြပါတယ်၊ အဲဒီဒုက္ခတွေကို ဒုက္ခလို့ မသိနိုင်ခြင်းဟာ ဒုက္ခသစ္စာကို ဖုံးလွှမ်းတတ်တဲ့ အ၀ိဇ္ဖာရဲ့ သတ္တိပဲဖြစ်ပါတယ်၊ အလားတူပဲ အဏှာလောဘကို ဒုက္ခဖြစ်ကြောင်းမှန်း မသိခြင်းဟာ သမုဒယသစ္စာကို ဖုံးလွှမ်းတ်တဲ့ အ၀ိဇ္ဖာရဲ့ သတ္တိပဲဖြစ်ပါတယ်၊ နိဗ္ဗာန်ကို ဒုက္ခချုပ်ရာမှန်း မသိခြင်းဟာ နိရောဓသစ္စာကို ဖုံးလွှမ်းတတ်တဲ့ အ၀ိဇ္ဖာရဲ့ သတ္တိပဲဖြစ်ပါတယ်၊ မဂ္ဂင် ၈-ပါးကို နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းလမ်းမှန်မှန်း မသိခြင်းဟာ မဂ္ဂသစ္စာကို ဖုံးလွှမ်းတတ်တဲ့
အ၀ိဇ္ဖာရဲ့ သတ္တိပဲ ဖြစ်ပါတယ်။
    အချို့ပုဂ္ဂိုလ်များက ရှေးအတိတ်ဘ၀မှာ ဖြစ်ခဲ့ကြတာကို မယုံကြည်ကြဘူး၊ ယခုဘ၀မှာ ထာဝရဘုရား-စသူတို့က ဖန်ဆင်းလို့ ဖြစ်လာရတယ်လို့ မှတ်ထင်တတ်ကြပါတယ်၊ ဒါပေမယ့် နောက်ဘ၀မှာ ဆက်ကာဆက်ကာ ဖြစ်ရဦးမယ်-ဆိုတာကိုတော့ ယုံကြည်ပါတယ်၊ ဒီပုဂ္ဂိုလ်ရဲ့ အ၀ိဇ္ဖာက အတိတ်ဘ၀မှာဖြစ်တဲ့ ခန္ဓာ, အာယတန, ဓာတ်အစုမှာ ဖုံးလွှမ်းတတ်တဲံအ၀ိဇ္ဖာ ဖြစ်ပါတယ်။ [ ပုဗ္ဗန္တ-ရှေးအတိတ်+အန္တ-အဖို့အစု။]
    အချို့ကတော့ ရှေးအတိတ်က ဖြစ်ခဲ့တာကို ယုံကြည်ပါတယ်၊ ဒါပေမယ့် ရဟန္တာမဖြစ်သေးသမျှ နောက်ဘ၀မှာ ဆက်ကာဆက်ကာ ဖြစ်ရဦးမယ်ဆိုတာကိုတော့ မယုံကြည်ဘူး၊ သေရင်ပြတ်တာပဲဆိုတဲ့ ဥစ္ဆေဒဒိဌိဘက်ကို သက၀င်နေပါတယ်၊ အဲဒီပုဂ္ဂိုလ်ရဲ့ အ၀ိဇ္ဖာကတော့ နောက်နောက်ဘ၀မှာဖြစ်တဲ့ ခန္ဓာ, အာယတန, ဓာတ်အဖို့အစုကို ဖုံးလွှမ်းတဲ့ အ၀ိဇ္ဖာမည်ပါတယ်။ [အပရ-နောက်အနာဂတ်+အန္တ-အဖို့အစု။]
    အချို့ပုဂ္ဂိုလ်ကတော့ ရှေ့ဘ၀ကိုရော, နောက်ဘ၀ကိုရော မယုံကြည်ဘူး၊ အဲဒီပုဂ္ဂိုလ်ရဲ့ အ၀ိဇ္ဖာက ရှေ့နောက်ဖြစ်တဲ့ ခန္ဓာ, အာယတန, ဓာတ်အစုကို ဖုံးလွှမ်းတတ်တဲ့ အ၀ိဇ္ဖာ ဖြစ်ပါတယ်။
    ဒါ့အပြင် အ၀ိဇ္ဖာက ပဋိစ္စယသမုပ္ပာယ်တရားကိုလဲ ဖုံးလွှမ်းတတ်ပါသေးတယ်၊ အ၀ိဇ္ဖာ-စသည်က အကြောင်းသင်္ခါရ-စသည်က အကျိုး၊ အ၀ိဇ္ဖာ-စတဲ့အကြောင်းတွေကြောင့်သာ သင်္ခါရ-စတဲ့ အကျိုးတရားများ ဖြစ်ကြရတယ်လို့ နားမလည်အောင်အ၀ိဇ္ဖာက ဖုံးလွှမ်းကာကွယ်ထားပါတယ်။
    ဒီအ၀ိဇ္ဖာက အဆင့်ဆင့်ကို ထောက်ဆလို့ အထူအပါးလဲ ကွဲပြားပါသေးတယ်၊ ကုသိုလ်မှန်း, အကုသိုလ်မှန်းမသိအောင် ဖုံးလွှမ်းထားတဲ့ အ၀ိဇ္ဖာက အလွန်ထူပိန်းတဲ့ အ၀ိဇ္ဖာဖြစ်ပါတယ်၊ ကုသိုလမှန်း, အကုသိုလ်မှန်းသိတဲ့အပြင် အကုသိုလ်ပြုခွင့်ကြုံရင် ရှောင်ကြဉ်ပြီး ကုသိုလ်ကောင်းမှုကို မတွန့်မဆုတ် လုပ်တတ်ရင် အ၀ိဇ္ဖာ အတော်ပါးပြီလို့ ဆိုသင့်ပါတယ်၊ သိုသော် အ၀ိဇ္ဖာကင်းရန်မှာကား ဝေးကွာလှပါသေးတယ်၊ သစ္စာ ၄-ပါးကိုသိလို သောတပန်, သကဒါဂါမ်, အနာဂါမ်ဖြစ်တောင်မှ အဆင့်ဆင့်ပါးသည်ထက်ပါးရုံသာ ရှိပါသေးတယ်၊ ရဟန္တာဖြစ်မှသာ အ၀ိဇ္ဖာကင်းသွားပါတယ်၊ အကြွင်းမဲ့ ပျက်စီးသွားပါတယ်။
မောဟ ၃-မျိုး
    ဒီအ၀ိဇ္ဖာခေါ်တဲ့ မောဟကာ ကိလေသာထဲမှာ ပါဝင်တဲ့တရားတစ်မျိုးဖြစ်ပါတယ်၊ ကိလေသာတွေမှာ အနုသယအခိုက်, ပရိယုဌာနအခိုက်, ၀ီတိက္ကမအခိုက်ရယ်-လို့ အခိုက်အတန့် ၃-မျိုး ရှိပါတယ်။
    ၁။ သတ္တ၀ါတွေရဲ့ သန္တာန်မှာ အစဉ်ကိန်းဝပ် လိုက်ပါနေတတ်တဲ့ ကိလေသာကို အနုသယလို့ ခေါ်ပါတယ်၊ ငုတ်ဓာတ်,၀ပ်ဓာတ်, မျိုးစေ့ဓာတ်သဘောမျိုး ဖြစ်ပါတယ်၊ အဲဒီအနုသယ ကိလေသာကို မဂ်နဲ့သာ ပယ်သတ်နိုင်ပါတယ်။
    ၂။ သင့်တော်တဲ့အကြောင်းနှင့် တွေ့ဆုံတိုက်ဆိုင်လာလို့ရှိရင် ငုတ်ဓာတ်, ၀ပ်ဓာတ်သဘောက ထကြွလာတဲ့ကိလေသာကိုတော့ ပရိယုဌာနလို့ ခေါ်ပါတယ်၊ ကိုယ်မှု, နှုတ်မှုမပါဘဲ ဇောစိတ်နှင့်အတူ ယှဉ်တွဲဖြစ်ပေါ်လာတဲ့ ကလေသာသဘောမျိုး ဖြစ်ပါတယ်၊ ဒီကလေသာမျိုး မဖြစအောင် ဈာန်သမာဓိနဲ့ အတော်ကြာကြာ ထိန်းထားနိုင်ပါတယ်။
    ၃။ ထကြွရုံမျှသာ မဟုတ်တော့ဘဲ ကိုယ်ဖြင့်ဖြစ်စေ, နှုတ်ဖြင့်ဖြစ်စေ ကျူးလွန်စော်ကားတဲ့အခိုက်မှာဖြစ်တဲ့ ကိလေသာကိုတော့ ၀ီိတိက္ကမကိလေသာလို့ ခေါ်ပါတယ်၊ ဒီကလေသာမျိုးကို သီလနဲ့ ထိန်းထားနိုင်ပါတယ်။
    ဒါ့ကြောင့် မောဟလဲပဲ ၁။ ငုတ်ဓာတ်, ၀ပ်ဓာတ်, မျိုးစေ့ဓာတ်အခိုက်မှာဖြစ်တဲ့ အနုသယမောဟ, ၂။ ဇောစိတ်နှင့်ယှဉ်တွဲလို့ ထကြွခိုက်မှာဖြစ်တဲ့ ပရိယုဌာနမောဟ, ၃။ ထကြွရုံမျှသာ မဟုတ်ပါဘဲ ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့ အခိုက်အတန့်မှာဖြစ်တဲ့ မောဟ-လို့ မောဟ ၃-မျိုးရှိနိုင်ပါတယ်။
ဟရိတစ-ရသေ့
    ဗာရာဏသီမြို့မှာ ရှင်အာနန္ဒာအလောင်း ဗြဟ္မဒတ်မင်းက မင်းပြုနေပါတယ်၊ အဲဒီအချိန်မှာ ဘုရားလောင်းက တောမြို့ကလေးတစ်မြို့မှာ ဟရိတစ-ဆိုတဲ့ ပုဏ္ဏားအမျိုးသားလုလင် ဖြစ်နေပါတယ်၊ သူ့အမေ အဖေတွေက ကုဋေ-၈၀ ပစ္စည်းဥစ္စာ ကြွယ်ဝသူတွေ ဖြစ်ကြပါတယ်။
    ဟရိတစအမျိုးသားက တက္ကသိုလ်မြို့ကို သွားပြီး ပညာသင်ပါတယ်၊ ပညာပြည့်စုံတဲ့အခါ ကိုယ့်ရပ်ကိုယ်ရွာကို ပြန်လာပါတယ်၊ အမိအဖတွေ ကွယ်လွန်သွားလို့ ကျန်နေတဲ့ ပစ္စည်းဥစ္စာတွေကို တွေ့ရတဲ့အခါ-
    "ပစ္စည်းဥစ္စာတွေကိုသာ တွေ့နေရတော့တယ်၊ ပစ္စည်းဥစ္စာကို စုဆောင်းထားခဲ့တဲ့ လူတွေကိုတော့ မတွေ့ရတော့ဘူး၊သေမင်းခေါ်ဆောင်ရာ ပါသွားကြရပြီ။ "
ဒီလို သံဝေဂရတာနဲ့ ပစ္စည်းဥစ္စာ အကုန်လံးကို လှူဒါန်းစွန့်ကြဲထားခဲ့ပြီး ဟိမ၀န္တာတောကို သွားလို့ ရသေ့လုပ်နေပါတယ်၊ ၇-ရက်မြောက်နေ့မှာပဲ ဈာန်အဘိညာဉ်တွေကို ရလာပါတယ်၊ သစ်ဥသစ်သီးတွေကို ရှာဖွေစားသောက်ရင်း ဟိမ၀န္တာမှာကြာရှည်လေးမြင့် နေလာခဲ့ပါတယ်။
    တစ်ချိန်မှာ ဟိမ၀န္တာက ဗာရာဏသီမြို့ကို ကြွလာပြီး မင်းဥယျာဉ်မှာ နေပါတယ်၊ နောင်တစ်နေ့ ဗာရာဏသီမြို့မှာဆွမ်းခံလှည့်လည်ရင်း မင်းနန်းတော် တံခါးနားကို ရောက်သွားပါတယ်၊ ရှင်ဘုရင်က ဟရိတစရှင်ရသေ့ကို တွေ့ရတယ်ဆိုရင်ပဲ ပါရမီ ဖြည့်ဘက် မိတ်ဟောင်းဆွေဟောင်း ဖြစ်နေတဲ့အတွက် အလွန်ကြည်ညိုလာပါတယ်၊ အခေါ်ခိုင်းပြီး ရာဇပလ္လင်ပေါ်မှာပင့်တင်ထားပါတယ်၊ ဆွမ်းကျွေးပြီးလို့ အနုမောဒနာတရားကို ကြားနာရတဲ့အခါ ပိုပြီးကြည်ညိုလာပါတယ်၊ ဒါနဲ့ဥယျာဉ်အတွင်းမှာ ကျောင်းဆောက်ကိုးကွယ်ထားပါတယ်၊ အဲဒီအချိန်ကစပြီး ဟရိတစ ရှင်ရသေ့က နေ့စဉ်နေ့တိုင်း ဘုရင့်နန်းတော်မှာပဲ ဆွမ်းစားနေပါတယ်၊ အဲဒီလို နေထိုင်ရင်း ၁၂-နှစ် ကြာလာပါတယ်။
    တစ်နေ့ကျတော့ နယ်စပ်မှာ ဆူပုသောင်းကျန်းနေတာကို နှိမ်နင်းရအောင်လို့ သွားခါးနီးမှာ ရှင်ဘုရင်က ဆရာရသေ့ကို မမေ့ရန် မိဖုရားအား အပ်နှံမှာကြားထားခဲ့ပြီး ထွက်ခွာသွားပါတယ်၊ အဲဒီအချိန်ကစပြီး မိဖုရားက ရှင်ရသေ့ကို ကိုယ်တိုင်ဆွမ်းလုပ်ကျွေးနေပါတယ်။
    တစ်နေ့မှာ မိဖုရားက ဆွမ်းတွေကို အဆင်သင့် စီမံပြင်ဆင်ထားပါတယ်၊ ရှင်ရသေ့က အလာနောက်ကျနေတာနဲ့ နံ့သာရေတွေနဲ့ ရေချိုးက နူးညံ့ချောမွေတဲ့ အ၀တ်ကို ၀တ်ထားပါတယ်၊ ပြတင်းပေါက်ကို အဖွင့်ခိုင်းပြီး ခုတင်ကလေးပေါ်မှာ လေညင်းခံကာ လဲလျောင်းနေပါတယ်။
    ဟရိတစရှင်ရသေ့ကလဲ အဘိညာဉ်အစွမ်းနဲ့ ကောင်းကင်ခရီးက ကြွလာရင်း တံခါးပေါက်နားကို ရောက်လာပါတယ်၊မိဖုရားက ရှင်ရသေံရဲ့ လျော်တေသင်္ကန်းသံကို ကြားရတာနဲ့ ဗြုံးကနဲ ထလိုက်တဲ့အခါ နူးညံ့ချောမွေတဲ့ အ၀တ်က မိဖုရားရဲ့ ခါးမှ လျှောကျသွာပါတယ်။
    ဒီတော့ မမြင်အပ်ရာကို မြင်တွေရတဲ့ ရှင်ရသေ့မှာ နှစ်ကုဋေသိန်းပေါင်းများစွာက ကိုယ်တွင်းမှာ ကိန်းဝပ်လိုက်ပါလာတဲ့ ကိလေသာတွေက ပခြုပ်ထဲမှာ များစွာက ကိုယ်တွင်းမှာ ကိန်းဝပ်လိုက်ပါလာတဲ့ ကိလေသာတွေက ပခြုပ်ထဲမှာ ကိန်းဝပ်နေတဲ့ မြွေဟောက်ကိ တုတ်နဲပ ထိလိုက်သလို ထကြွလာပြီး ဈာန်အဘိညာဉ်ကို ကွယ်ပျောက်စေပါတယ်၊ စိတ်ကို မထိန်းနိုင်တော့ဘဲ(သတိမထားနိုင်တော့ဘဲ) မိဖုရားရဲ့ လက်ကို ကိုင်ဆွဲလိုက်ပါတယ်။
    အဲဒီအခိုက်မှာပဲ နန်တွင်းသူတွေက ကန့်လန်ကာကို ကာပေးလိုက်ကြပါတယ်၊ ရသေ့ကြီးက မိဖုရားနှင့် ကျူးလွန်ဖောက်ပြားပါတော့တယ်၊ ဆွမ်းစားပြီးတဲ့အခါ ဥယျာဉ်ကို ပြန်သွားပါတယ်၊ အဲဒီနေ့ကစပြီး နေ့တိုင်း အလားတူပဲ ပြုကျင့်နေပါတော့တယ်၊ ဒီအကြောင်းဟာ တစ်မြို့လုံးမှာ ထင်ရှားနေပါတော့တယ်။
စီစစ်ချက်
    တက္ကသိုလ်ပညာကို ထိတ်တန်းရောက်အောင် သင်လာခဲ့တဲ့ ဟရိတစ ရှင်ရသေ့ရဲ့ သန္တာန်မှာ ဈာန်အဘိညာဉ်တွေကိုရထားပေမဲ့ မောဟ-စတဲ့ ကိလေသာတွေက အငုတ်ဓာတ်, အကိန်းဓာတ်အနေနဲ့ ရှိနေရက်ပဲ ဖြစ်ပါတယ်၊ ဒါက အနုသယအခိုက်ဖြစ်ပါတယ်။
    မိဖုရားရဲ့ ခါးဝတ် လျှောပြေကျတာကို တွေ့မြင်ရခြင်းဆိုတဲ့ သင့်တော်တဲ့ အကြောင်းနှင့် တိုက်ဆိုင်လာတဲ့အခါ အဲဒီအနုသယ ကိလေသာတွေက အကုသိုလ်ဇောစိတ်နှင့် ယှဉ်တွဲပြီး ထကြွလာကြပါတယ်၊ အဲဒီလို ထကြွလာတာနှင့် တစ်ပြိုင်နက် ရထားတဲံ ဈာန်အဘိညာဉ်တွေကလဲ ပျောက်ကွယ်သွားပါတော့တယ်၊ ဒါကတော့ ပရိယုဌာနအခိုက် ဖြစ်ပါတယ်။
    အဲဒီလို ထကြွလာတဲ့ အချိန်မှာ စိတကို မထိန်းနိုင်တော့ဘဲ (သတိမထားနိုင်တော့ဘဲ) မိဖုရားရဲ့ လက်ကိ ကိုင်ဆွဲမှု-စတဲ့ ကျူးလွန်စော်ကားမှုကိ ပြုမှားမိပါတော့တယ်၊ ဒါကတော့ ၀ီတိက္ကမအခိုက် ဖြစ်ပါတယ်။
    ဒီလို စိတ်ဓာတ်ကိ မထိန်းနိုင်ဘဲ ၀ီတိက္ကမအခိုက်ကို ရောကလာရတာဟာ မောဟက ဖုံးကွယ်ထားလို့ ဥာဏ်အလင်းရောင် ကွယ်ပျောက်သွားတဲ့အတွက်သာ ဖြစ်ပါတယ်၊ မောဟကသာ ဖုံးကွယ်လို့ မထားခဲ့ပါရင် ဒီလိုကာမှုမတွေကို အလိုမရှိလို့ ကုဋေ ၈၀-မျှသော ပစ္စည်းဥစ္စာကို စွန့်လွှတ်က တောထွက်လာခဲ့တဲ့ အလောင်းတော် ရှင်ရသေ့က ဒိလိုအလုပ်မျိုးကို ဘုရင်ကိုယ်တိုင်က ကျေကျေနပ်နပ် ခွင့်ပြုတောင်မှ ပြုလုပ်နိုင်မယ် မဟုတ်ပါ။
    ယခအချိန်မှာတော့ မောဟမှောင်ကြီးက ဖုံးကွယ်ထားလိုက်တဲ့အတွက် ယခုလက်ငင်း တွေ့ကြုံရမယ့်အပြစ်, နောင်သံသရာအပြစ်တွေကို မမြင်နိုင်တော့ဘဲ မသင့်တော်တဲ့ အလုပ်မျိုးကို ပြုလုပ်မိပါတော့တယ်၊ ကြိုးစားအားထုတ်လာခဲ့တဲ့ ဈာဉ်အဘိညာဉ်တွေကသာ မောဟရဲ့ လွှမ်းမိုးဖိစိး ဖျက်ဆီးမှုကြောင့် ကွယ်ပျောက်သွားရပါတော့တယ်။
    အမတ်တွေက ဟရိတစရှင်ရသေ့ရဲ့ မိဖုရားနှင့် မှားမှားယွင်းယွင်း ပြုကျင့်နေကြောင်း ဘုရင်ထံ လျှောက်စာ ဆက်သကြပါတယ်၊ ရှင်ဘုရင်က မယုံကြည်ပါ၊ နယ်စပ်ကို ငြိမ်သက်စေပြီး ပြန်လာတဲ့အခါ ရှင်ဘုရင်က မိဖုရားထံကို ဦးစွာသွားပါတယ်၊မိဖုရားကို မေးမြန်းစုံစမ်းပါတယ်၊ မိဖုရားကလဲ ဟုတ်မှန်ကြောင်းဝန်ခံပါတယ်၊ ဒါပေမယ့် ရှင်ဘုရင်က မိဖုရားရဲ့ စကားကိုလဲမယုံကြည်ပါ၊ ဒါနဲ့ ဟရိတစရှင်ရသေ့ကို သွားရောက်မေးပြန်ပါတယ်၊ ဟရိတစရှင်ရသေ့ကလဲ ဟုတ်မှန်ကြောင်း ၀န်ခံပါတယ်။
    ယခုကိစ္စမှာ ရှင်ဘုရင်က ပါရမီဓာတ်ခံ ရင့်သန်ပြီးသူဖြစ်လို့ သည်းခံနိုင်ပါတယ်၊ ရှငရသေ့ကို အကျိုးသင့် အကြောင်းသင့် ဆက်လက်လျှောက်ထားနိုင်ပါတယ်၊ ရှင်ရသေ့ကလဲ ဘုရင်လျှောက်ထားသမျှ အကြောင်းကိစ္စရဲ့ သဘောမှန်ကို ပြန်လည်ဖြေရှင်းပြောပြနေပါတယ်။
    "အရှင်ရသေ့၊ မကျန်းမမာဖြစ်နေသူအတွက် ဆေးဝါးဓာတ်စာဆိုတ်ာဟာ ကိုကွယ်အားထားရာ ဖြစ်ပါတယ်၊ ရေဆ်ာနေသူအတွက် သောက်ရေဟာ ကိုကွယ်အားထားရာဖြစပါတယ်၊ အရှင်ရသေ့အတွကတော့ သိမ့်မွေတဲ့အပြင် ကောင်းတဲ့ အကျိုစီးပွားကိုကြံစည်နိုင်တဲ့ ပညာဟာ ကိုးကွယအားထားရာ ဖြစ်ပါတယ်၊ ဖြစ်ပေါ်လာတဲ့ ရာဂကိုမျှ မပယ်ဖျောက်နိုင်ရင် အဲဒီပညာဟာ ဘာအကျိုးရှိတော့မလဲ ?" ။
    "မဟာရာဇာ! ဒီလောကမှာ တပ်နှစ်သက်ခြင်း (ရာဂ), ခက်ထန်ကြမ်းတမ်းခြင်း ပြစ်မှားခြင်း (ဒေါသ), မာန်ယစ်ခြင်း (မဒ), အမှန်သဘောကို မသိခြင်း(မောဟ)-ဆိုတဲံ တရား ၄-ပါးဟာ အလွန်အားကြီးကြပါတယ်၊ အဲဒီတရားတွေက ထကြွသောင်းကျန်းလာလို့ရှိရင် ပြင်းထန်တဲ့ ရေယာဉ်ထဲကို ကျရောက်ရသလို ပညာက ထောက်တည်ရာကို မရနိုင်တော့ပါဘူး" ။
    "အရှင်ရသေ့! အရှင်ရသေ့ဟာ အလှူကို ခံယူထိုက်သူ ဖြစ်တယ်၊ သီလနှင့် ပြည့်စုံတ်ယ၊ စင်ကြယ်စွာ ကျင့်နေတယ်၊ ကိလေသာတို့ကို ဖျက်ဆီးတတ်တဲ့  ပညာလဲ ရှိပတယ်၊ အကျိုးအကြောင်းကို သိတတ်တဲ့ ပညာလဲ ရှိပါတယ်၊ ဒီလိုပဲ အကျွန်ုပ်တို့က အရှင်ရသေ့ကို အသိအမှတ် ပြုထားကြပါတယ် " ။
    "မဟာရာဇာ ! ရာဂနှင့် စပ်ယှဉ်နေတဲ့ ၀ိတက်တွေဟာ ယုတ်မာကြပါတယ်၊ အာရုံကို တင့်တယ်တယ်လို့ ယူတတ်ကြပါတယ်၊ ရသေ့တွေရဲ့ တရားဂုဏ်မှာ မွေ့လျော်နေတဲ့ ပညာရှိတွေကိုတောင်မှ ညှဥင်္းဆဲတတ်ကြပါတယ်" ။
    " အရှင်ရသေ့ ! ဒီရာဂဆိုတာဟာ အရှင်ရသေ့တို့ရဲ့ ကိုယ်ကပဲ ဖြစ်ပေါ်လာပါတယ်၊ ကိုယ်အဆင်းကိုရော, ဂုဏ်တွေကိုရော ဖျက်ဆီးတတ်ပါတယ်၊ အဲဒီရာဂကို အရှင်ရသေ့က ပယ်လိုက်ပါတော့၊ အရှင်ရသေ့မှာ ကောင်းခြင်း မင်္ဂလာတွေ ဖြစ်ပါစေ၊ လူအပေါင်းကလဲ အရှင်ရသေ့ကို ပညာရှိလို့ အသိအမှတ် ပြုထားကြပါတယ်" ။
    " ကာမတွေဆိုတာဟာ ပညာမျက်စိကန်းအောင်လဲ ပြုတတ်ကြပါတယ်၊ ဆင်းရဲအများအပြားကိုလဲ ဖြစ်စေတတ်ကြပါတယ်၊ ကိလေသာအဆိပ်တွေနှင့်လဲ ပြည့်နှက်နေကြပါတယ်၊ အဲဒီကာမတွေကို အကျွန်ုပ်က ပယ်ပါတော့မယ်၊ ဒီကာမတွေရဲ့ အယောနိသော မနသိကာရ (မသင့်မတင့်နှလုံးသွင်းခြင်း) ဆိုတဲ့ အခြေအမြစ်ကို ရှာပါတော့မယ်၊ သုဘနိမိတ်ဆိုတဲ့ အနှောင်အဖွဲ့နှင့် တကွဖြစ်တဲ့ ရာဂကို ဖြတ်ပါတော့မယ်" ။
ရှင်ရသေ့က စကားအဆုံးမှာပဲ ရှင်ဘုရင်ထံ ခွင့်တောင်းပြီး ကျောင်းခန်းတွင်းကို ၀င်သွားပါတယ်၊ ကသိုဏ်းဝန်းကို ရှုပြီး ခဏအတွင်းမှာပဲ ပျက်သွားတဲ့ဈာန်ကို နောက်ထပ်ဖြစ်စေပါတယ်၊ ထို့နောက် ကျောင်းခန်းတွင်းက ထွက်လာပြီး ကောင်းကင်မှာ တင်ပလ္လင်ခွေ ထိုင်နေပါတယ်၊ ရှင်ဘုရင်အား တရားဟောထားခဲ့ပြီး လူ့အနားမှာနေလို့ ဒီလိုအမှုမျိုး ဖြစ်ရတယ်လို့ နောင်တရကာ လူသူကင်းကွာ ဟိမ၀န္တာသို့ ပြန်သွားပါတော့တယ်။
ပြန်လည်သုံးသပ်ချက်
    ရာဂ, ဒေါသ, မဒ, မောဟ-ဒီတရား ၄-ပါး ထကြွလာလို့ရှိရင် ပညာက ထောက်တည်ရာ မရနိုင်ပါဘူးလို့ ဆိုထားခဲ့ပါတယ်၊ ဒီအထဲမှာ ပါလာတဲ့ မောဟရဲ့ မိုက်မဲပုံကို အထူးသတိပြုသင့်ပါတယ်၊ အနုသယကိလေသာတွေ ထကြွသောင်းကျန်းသမျှ မောဟမပါတဲ့ အခါရယ်လို့ မရှိပါဘူး၊ မောဟပါတာချည်းသာ ဖြစ်ပါတယ်။
    ဒီ ၄-ပါးထဲမှာပဲ ရာဂထကြွသောင်းကျန်းလာတဲ့အခါ ဒေါသက မပါနိုင်ပါဘူး။ မဒက ရ့ခါပါလို့ ရံခါမပါဘဲ နေတတ်ပါတယ်၊ မောဟကတော့ မပါမရှိပါဘူး။
    ဒေါသ ထကြွသောင်းကျန်းတဲ့အခါမှာ လောဘရော, မဒရော မပါနိုင်ပါဘူး၊ မောဟကတော့ ပါလျက်ပဲ ဖြစ်ပါတယ်။
    မဒ ထကြွသောင်းကျန်းလာတဲ့အခါမှာ လောဘက ပါနိုင်ပါတယ်၊ ဒေါသက မပါနိုင်ပါဘူး၊ မောဟကတော့ ခပ်တိုင်းငန်တဲ့ ပဲခူးဆားလို ပါရက်ပါပဲ။
    ဒီတော့ သုဘနိမိတ်-တင့်တယ်တဲ့ အာရုံနှင့် အတွေ့အကြုံလို့ မသင့်မတင့် နှလုံးသွငးမိရင် ရာဂဟာ အနုသယအခိုက်မှ ပရိယဌာနအခိုက်သို့ ပြောင်းရွှေ့ ထကြွသောင်းကျန်းလာရပါတယ်၊ ဇောစိတ်နှင့်အတူ ယှဉ်တွဲဖြစ်လာရပါတယ်၊ အဲဒီလို ရာဂထကြွ သောင်းကျန်းလာတော့ အ၀ိဇ္ဖာနုသယဆိုတဲ့ မောဟလဲ အတူယှဉ်တွဲပါလာပါတယ်၊ မောဟဆိုတဲ့ အမှောင်ဓာတ်က အမှန်သဘောကို မသိနိုင်အောင် ဖုံးအုပ်ထားလိုက်တော့ ပညာက ထောက်တည်ရာ မရနိုင်တော့ပါ၊ ကွယ်ပျောက်သွားရပါတော့တယ်၊ ဒါ့ကြောင့် ကိုယ်ထိ
လက်ရောက် ကျူးလွန်မှု ၀ီတိက္ကမ ဖြစ်လာရပါတယ်။
    အသုဘနိမိတ်ဆိုတဲ့ မတင့်တယ်တဲ့ အာရုံနှင့် တွေ့ကြုံလို့ မသင်မတင့် နှလုံးသွင်းမိရင် ပဋိဃာနုသယခေါ်တဲ့ ဒေါသကထကြွလာပါတော့တယ်၊ အဲဒီလို ထကြွလာတဲ့အချိန်မှာ ဒေါသစိတ်နှင့်အတူ အ၀ိဇ္ဖာနုသယဆိုတဲ့ မောဟလဲ ယှဉ်တွဲပါလာရပါတယ်၊အဲဒီအချိန်မှာ မောဟဆိုတဲ့ အမှောင်ဓာတ်က ဖုံးအုပ်ထားလိုက်တော့ ပညာပါ ကွယပျောက်သွားတဲ့အတွက် ပညာနဲ့ မထိန်းနိုင်တော့ဘဲကိုယ်ထိလက်ရောက် ကျူးလွန်မှု ဖြစ်လာရပါတယ်။
    မာန်ယစ်စရာအကြောင်း အာရုံနှင့် တွေ့ဆုံလို့ မသင့်မတင့် နှလုံးသွင်းမိရင် မာနာနုသယဆိုတဲ့ မဒဟာ ဇောစိတ်နှင့်အတူ လောဘ, မောဟပါ ယှဉ်တွဲလို့ ထကြွလာတတ်ပါတယ်၊ မောဟက အမှန်သဘောကို ဖုံးထားလိုကတော့ ပညာနဲ့ မထိန်းနိုင်တော့ဘဲဝီတိက္ကမထိအောင် ဖြစ်လာရပါတော့တယ်။
မသိတိုင်း မောဟမဟုတ်  
    မသိခြင်းသဘောကို မောဟလို့ ဆိုခဲ့စေကာမူ မသင်ဘူးတဲ့ အတတ်ပညာ, မရောက်ဘူးတဲ့ အရပ်, မမှတ်ဘူးတဲ့ နာမည်-စသည်တို့ကို မသိခြင်းက အကုသိုလ်ဖြစ်တဲ့ မောဟအစစ် မဟုတ်ပါ၊ မှတ်သားဖူးသော အမှတ်သညာ မရှိမှုမျှသာဖြစ်ပါတယ်။
[ဗုဒ္ဓအလိုတော်ကျ ကြီးပွားချမ်းသာရေး ကိုယ်ကျင့်မင်္ဂလာ၊ မြောင်းမြပဇ္ဇောတာရုံနှင့် မှော်ဘီ သာသနာ့ဝန်ဆောင်ဆရာတော် အရှင်ကုမာရ] စာအုပ်မှ ကူးယူဖော်ပြသည်။
Sunday, January 24, 2010
ဆရာတော်ဦးဇောတိက၏ မှတ်သားဖွယ်ရာ ဒေါသနည်းအောင်နေနည်း
လူတိုင်းစိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းက
တတ်နိုင်သလောက်ကြိုတpင်ကာကွယ်တဲ
့ နည်းပါပဲ။
• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊
ကပ်ပြီးမှပြောရင်ပြင်ဆင်ချိန်မေ လာက်လို့စောင့်နေတဲ့အခါမှာ စိတ်တို
တတ်တယ်။
• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှ
ကုန်နေလို့ စိတ်တိုတာမဖြစ်အောင်နော်။
• ကတိအကျွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကို
လွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှမတည်နိုင်တဲ့အခါစိတ် ဆင်းရဲ ရတယ်၊
စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။
• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။
ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့်
ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။
• ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက်
အောင်စီစဉ်ထားပါ။ အရေးမကြီးတာတွေကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှ
အရေးကြီးတာကိုလုပ်ရင် ပိုပြီးစိတ်ပင်ပန်း တယ်။ ဒါကြောင့် အရေးကြီးတာကို
အရင်လုပ်ပါ။ အရေးကြီးတာကို အရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့
သိပ်အရေးမကြီးတာကိုလုပ်ဖို့ အားတက်လာမယ် ။
• စနစ်တကျလုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင်
အချိန်ကုန်သက်သာတယ်၊ အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းတယ်။
အဲဒါကြောင့် စိတ်တိုရတာ ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့
လုပ်လို့ဖြစ်တာမျိုးကို သူ့အချိန်ကျ ရင်လုပ်ဖြစ်အောင်
အကျင့်လုပ်ထားတာကောင်းတယ်။ အခုလုပ် ရမလား၊ နောက်မှလုပ်ရမလားလို့
တွေးမနေရတော့ဘူး။ အဲဒါကိုက အချိန်ကုန်သက်သာသလို စိတ်ပင်ပန်းတာလဲ
သက်သာပါတယ်။
• ကိုနေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက်
သန့်ရှင်းသပ်ရပ်အောင် လှပအောင်ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော်
နေတဲ့နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။
• စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင်
တဲ့နေရာမှာမရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာ
စိတ်ကိုအနှောက်အယှက်ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊
စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မဲ့ ပစ္စည်းမျိုးကို
မြင်နိုင်တဲ့နေရာမှာ မထားတာကောင်းတယ်။ ကြည့်လိုက်တာနဲ့
စိတ်ကိုကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကို
မြင်သာတဲ့နေရာမှာ ထားပါ။ ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီး
ဓါတ်ပုံမျိုးကို ကြည့်ပြီး အဲဒိနေရာမျိုးမှာ ကိုယ်ရောက် နေတယ်လို့
မှန်းကြည့်ပါ။ ကိုမြင်သမျှ ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။
ဒါကြောင့် မမြင်ရရင်ကောင်းတဲ့ အရာတွေကို ဝေးဝေးပို့ထားပါ၊
ဝေးလေးကောင်းလေပဲ။ ပစ္စည်းတွေက ကိုယ့်စိတ်ကို ချောက်ချားစေနိုင်တယ်။
ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။
• အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင်
လုပ်နိုင်ရင်ကောင်းတယ်။ မရှိအောင်မတတ်နိုင်ရင်တော့ နဲနိုင်သမျှ နဲအောင်
လုပ်ပါ။
• ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီက
အကူအညီတောင်းချင်သူတွေ များလာလေဖြစ်တတ်တာ သဘာဝပဲ။ တစ်ခါတစ်လေ
ကိုယ်မအားတုန်း အလုပ်များနေတုန်း သူတို့ကတွေ့ချင် အကူအညီတောင်းချင်နေလို့
မရမက လုပ်လာရင်လည်း စိတ်အနှောက်အယှက်ဖြစ်ရတယ်။
• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက်
မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကို
မပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို
အထူးရှောင်သင့်တယ်။ ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင်
ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲ
ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို
သူများကမကောင်းပြောရင်တောင်မှ သူပြောတာမဟုတ်ကြောင်းကိုပဲ
အေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့ ဟုတ်နေရင်တောင်မှ
မပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး ထားဖို့လိုတယ်
• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများ
များနဲ့မရောပါနဲ့။ အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာ
နဲမှာမဟုတ်ဘူး။ အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင်
တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး ပေးနိုင်မဲ့သူကိုပဲပြောပါ။
မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက် စရာကို ပြောတတ်တဲ့သူတွေကို
ဘယ်တော့မှ မပြောပါနဲ့။ စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင်
ကိုယ်ပါစိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်တွေများလာမယ်။ စိတ်ပင်ပန်းမယ်။
ကိုယ်လုပ်မဲ့ အလုပ်မျိုးကို လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာ
ကိုယ့်အခက်အခဲကိုနာလည်မယ်။ ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကို
သေသေချာချာစဉ်းစားပါ။
• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေး
ဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။ အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။
အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။
မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် ``အရင်လိုရင်
အရနှေးတယ်´´ လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျ
လုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။
• လတ်တလောအဆင်ပြေအောင်လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့။
ကိုယ့်ကိုသဘောကျအောင်ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊
ဘယ်လိုအခွင့်အရေးတွေပေးမယ် ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။
ကိုယ်ကို အင်မတန်သဘောကောင်း တယ်လို့မြင်စေချင်လို့
ချက်ချင်းဝမ်းသာသွားအောင်မပြောပါနဲ့။ ပြောတုန်းမှာ လွယ်လွယ်နဲ့ ပြောပြီး
တကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့် စေတနာမှန်ပေမယ့်လည်း
ကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။ အပြောနဲ့
အလုပ်မညီတာတွေများလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှ
ယုံတော့မှာမဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။
ပေးနိုင် တာထက် နည်းနည်းလျှော့ပြောတာကောင်းတယ်။
• အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။
ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ
တော်တော်များပါတယ်။ ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ
အရေးမကြီးတာတွေကို ကိုသိတိုင်းလည်း မပြောသင့်ဘူး။
မေးတိုင်းလည်းမဖြေသင့်ဘူး။
• အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင်
စောင့်သင့်တယ်။ ကိုယ်မှန်တိုင် ၀င်ပြောပြီး အနိုင်မယူသင့်ဘူး။
နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။
စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊
သဘောထားကြီးတဲ့စိတ်ထားမျိုးကိုမွေးယူရမယ်။
• ဘယ်အလုပ်မျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ်၊ အခက်အခဲရှိပါတယ်။
ဆရာဝန်အလုပ်ခက်သလို၊ ကျောင်းဆရာအလုပ်လည်းခက်ပါတယ်။
ဈေးရောင်းတဲ့အလုပ်ခက်သလို ကားမောင်းတဲ့အလုပ်လည်း ခက်ပါ တယ်။
ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့ တော်တော်လိုပါတယ်။
ဆရာဝန်အလုပ်လည်းစိတ်ရှည်ဖို့လိုပါတယ်။ လူနာရဲ့ အသက်ကို
လုနေရတဲ့အခါမျိုးမှာ သေးမင်းနဲ့ရင်ဆိုင်တိုက်ပွဲလိုဖြစ်နေတဲ့အခါမှာ
တော်တော်ပင်ပန်းပါတယ်။ လူနာက အားကိုး တကြီးနဲ့ကြည့်တဲ့
မျက်လုံရဲ့အဓိပ္ပါယ်ဟာ ဆရာဝန်တွေရဲ့ စိတ်မှာ ပြင်းထန်တဲ့ ကရုဏာကို
ဖြစ်စေတယ်။ ကျောင်းဆရာ၊ ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။
စာမေးပွဲကျတဲ့ကျောင်းသားရဲ့ စိတ်မှာ ကိုယ့်ကိုယ်ကို
ယုံကြည်မှုမရှိတော့သလိုဖြစ်သွားတာဟာ တော်တော် သနားစရာကောင်းပါတယ်။
ကိုယ့်တပည့်လေးအောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ သောကဖြစ်ရတယ်။ မိဘတွေ
ဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့ ကျောင်းထားတယ်။
စားမေးပွဲကျရင် ဆက်ထားဖို့မလွယ်တော့ဘူး။
• လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။
လူတိုင်းကိုစိတ်ကျေနပ်အောင်ဘယ်သူမှ လုပ်မပေး နိုင်ဘူး။ မကျေနပ်တဲ့သူက
အပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊
စိတ်ဓါတ်ကျမယ်။ ဒါကြောင့် ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး
ဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး တွေးထားပြီးတော့
ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့
ခံရမှာသေချာတယ်၊ ဒါကြောင့် အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ
စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူ။ စိတ်ရှည်ရှည်ထားမယ်လို့မကြာခဏ နှလုံးသွင်းပါ။
လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။
သူတို့ကိုနားလည်ဖို့ကြိုးစားပါ။ ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊
ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက ကိုယ့်ကိုအကျိုးပေးမှာပါပဲ။ ပြဿနာ
တော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့ ဖြစ်ရတာပါ။ တစ်ယောက်
ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို တစ်ယောက်
နားလည်မှာမဟုတ်ဘူး။ တစ်ယောက် စကားကို တစ်ယောက် အဓိပ္ပါယ်မှန်အောင်
မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေး
အဆင်ပြေချင်ရင် တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။
သူ့စိတ်ထဲမှာ ပြောချင်နေတာကို ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့
ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့ ပိုပြီးအရေးကြီးတယ်။
သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကို
မေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။ သူ့အခက်အခဲကို ကိုယ်က ကိုချင်စာပါတယ်
ဆိုတာကို သူသိအောင်ပြောပါ။ တစ်ယောက်ရဲ့ အခက်အခဲကို
တစ်ယောက်ကူညီပြီးနေသွားရတာ ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တစ်ယောက်နဲ့
တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင် စိတ်သက်သာမှုရတယ်။ ကိုယ့်ဘ၀မှာ
အရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ သိပ်ကောင်းတယ်။
ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင် လေးလေးစားစားဆွေးနွေးပါ။
လောကီအတွက်ပါ အကြိုးပေးတဲ့ ဆုံးမသြ၀ါဒပါ။ ၀ိပဿနာတရားတွေကို
အမြဲရှုပွားနေနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဆရာတော်ရဲ့ သြ၀ါဒက
ချက်ချင်းစိတ်ကို ငြိမ်းချမ်းစေနိုင်ပါတယ်။ စိတ်ကလေးကြည်လင်နေတဲ့အခါ
ခန္ဓာဉာဏ်ရောက်တရားများကို အားစိုက်နာကြည့်လိုက်ပါ။ ဒါမမဟုတ်
ဝိပဿနာတရားအားထုတ်ကြည့်ပါ။ အင်မတန်ကို ချမ်းသာသုခ ရနေတဲ့အချိန်ပါ။
ဓမ္မမိတ်ဆွေများလည်း ဆရာတော် ပြောပြဆုံးမသည့်အတိုင်း
လိုက်နာကျင့်သုံးနိုင်ပါစေ။ ဘ၀မှာ စိတ်အချမ်းသာဆုံးနေနိုင်ကြပါစေ။
(ရေနံ့သာမောင်ဘဲ၏ ဓမ္မဒါနဖြစ်ပါသည်။)
အလှူတကာအလှူတွင်တရားအလှူသည်အမြတ်ဆုံးဖြစ်၏
ဤ  Onlineတရားများ ဖြန့်ဝေပေးချင်းဖြင့် တရားအလှူပြုလုပ်ပေးနိုင်ပါသည်။
နီးစပ်ရာလေးတွေပါ မျှဝေပေးပါဦး..
တရားအရသာကို နှစ်သက်၍ တရား၌မွေ့လျော်၊ တရားနှင့်ပျော်ကာ ဒုက္ခခပ်သိမ်း
ငြိမ်းအေး အောင်နိုင်ပါစေ...
အားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်နှလုံး အေးမြခြင်းဖြင့်
ပြည့်စုံကြပါစေ...
သရဏဂုံအကြောင်းသိကောင်းစရာ
ဗုဒ္ဓဘာသာဝင်တို့ရဲ့ အသက်သွေးကြော၊ မူလပဓါနဖြစ်တဲ့ သရဏဂုံ ဆောက်တည်ခြင်း
အကြောင်း သိမှတ်ဖွယ်ရာထပ်လောင်း တင်ပြလိုက်ပါတယ်။ သရဏဂုံသီလကို မတောင်းဘဲ
ဆောက်တည်လို့ ရပါတယ်။ ဘုရားရှင်လက်ထက် သရဏဂုံ ဆောက်တည်ကြတာလဲ
တောင်းခံပြီးဆောက်တည်တာ မဟုတ်ပါဘူး။ ဘုရားရှင်ဟောတဲ့ တရားတော်တွေကို
နှစ်သက်ကြည်ညိုတဲ့စိတ်၊ ဘုရားရှင်ကို ကြည်ညိုလေးစားစိတ် ဖြစ်ပေါ်လာတဲ့အခါ
ယနေ့ကစပြီး တစ်သက်ပတ်လုံး ဘုရား၊ တရား၊ သံဃာကို ကိုးကွယ်ဆည်းကပ်ပါ၏လို့
ဆောက်တည်လိုက်တာပဲဖြစ်ပါတယ်။
သရဏဂုံဟာ ကလေး၊သူငယ်ကအစ လူတိုင်းလူတိုင်းနဲ့သင့်လျော်ပါ
တယ်။
ဘာမှမကုန်မခန်း မပင်ပန်းလှဘဲနဲ့ အကျိုးကြီးလှတဲ့ သရဏဂုံတည်မှုကို
ရနိုင်တယ်။သရဏဂုံတည်တယ်ဆိုတာဟာ ဘာလဲလို့မေးရင်-(၁) ဘုရား၊တရား၊သံဃာဆိုတဲ့
ရတနာသုံးပါးအား သဒ္ဓါယုံကြည်စိတ်ဖြင့် မိမိကိုယ်ကိုအပ်နှင်းခြင်း၊(၂)
ဘုရား၊တရား၊သံဃာ ရတနာသုံးပါးကို မှီခိုအားထားခြင်း၊(၃) ဘုရား၊တရား၊သံဃာ
ရတနာသုံးပါး၏ တပည့်အဖြစ်ကိုခံယူခြင်း၊(၄) ဘုရား၊တရား၊သံဃာရတနာသုံးပါးကို
ရိုသေစွာရှိခိုးခြင်း အဲဒီ (၄)ပါးအနက်မှ တပါးပါးကိုပြုလုပ်ရင်
ပြုလုပ်တဲ့သူဟာ သရဏဂုံတည်တယ်လို မှတ်ယူရပါတယ်။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ စသည်ကို
သရဏဂုံသုံးပါး ကိုးကွယ်ဆည်းကပ်ခြင်းလို့ ခေါ်ပါတယ်။ ဘုရားရှင်ကို
ကိုးကွယ်ဆည်းကပ်ပါ၏၊ တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။ သံဃာတော်ကို
ကိုးကွယ်ဆည်းကပ်ပါ၏လို့ မြန်မာလို စိတ်ထဲကသိပြီး ဆိုရပါမယ်။
လောကမှာ ဘုရား၊တရား၊ သံဃာလိုဆိုတဲ့ ရတနာသုံးပါးဟာ အထွတ်အထိပ်
အမြင့်ဆုံး၊အမြတ်ဆုံးဖြစ်တယ်။ အဲဒီရတနာသုံးပါးထက်
မြင့်တာ၊မြတ်တာမရှိတော့ပါဘူး။ အဲဒီလိုအထွတ်အထိပ်
အမြင့်ဆုံး၊အမြတ်ဆုံးဖြစ်တဲ့ ရတနာသုံးပါးအား (အတ္တသမံ ပေမံနတ္ထိ =
မိမိကိုယ်ထက်ချစ်တာ မရှိဘူးလို့ဆိုတဲ့အတိုင်း) မိမိအချစ်ဆုံးဖြစ်တဲ့
မိမိခန္ဓာကိုယ်ကို အပ်နှင်းလှူဒါန်းခြင်းဟာ အင်မတန်အကျိုးများပါတယ်။
ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ယုံကြည်လေးစားစွာနဲ့ စိတ်စေတနာပါပြီး
ကိုးကွယ်ဆည်းကပ်မှ သရဏဂုံဆောက်တည်ရာ ရောက်ပါတယ်။ ဘုန်းကြီးဆိုပေးလို့
လိုက်ဆိုတာမျိုး၊ ကိုယ့်ဘာသာရထားလို့ အလွတ်ဆိုတာမျိုးဆိုရင်တော့
အကျိုးမများလှဘူး။ ဘာသာရေးဆိုင်ရာ ပါဠိတွေရွတ်ဆိုတဲ့အခါ
ဆိုလိုရင်းအနက်အဓိပ္ပါယ်ကိုသိမှ ကျေးဇူးများပါတယ်။
သုံးကြိမ်ဆိုတာလဲအထူးလေးနက်စေချင်လို့ပါ။တစ်ကြိမ်တစ်ခါဆိုတာကတော့စိတ်မပါလက်မပါ၊
ဝတ်ကျေတန်းကျေဆိုတာလဲဖြစ်နိုင်တယ်။ အခုသရဏဂုံ ဆောက်တည်တဲ့ လူကတော့ တကယ့်
ယုံယုံကြည်ကြည် စိတ်ပါလက်ပါ ကိုးကွယ်ဆည်းကပ်ခြင်း ဖြစ်တယ်ဆိုတာ
သိစေချင်လို့ သူ့ရဲ့ ကိုးကွယ်ဆည်းကပ်မှုကို လေးနက်စေချင်လို့
သုံးကြိမ်ထပ်ဆိုခြင်း ဖြစ်တယ်။ဘာသာရေး ကိစ္စတွေမှာ
သုံးကြိမ်ထပ်ဆိုမှုမှန်သမျှဟာ လေးနက်စေချင်လိုဖြစ်ပါတယ်။
ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးဟာ ကိုးကွယ်ဆည်းကပ်သူတို့ရဲ့
ကြောက်ရွံခြင်း၊ ထိတ်လန့်ခြင်း၊ အပါယ်ဆင်းရဲ၌ဖြစ်ခြင်းစတဲ့
ဆင်းရဲဒုက္ခတွေကိုပယ်ပျောက်၊ ချမ်းသာကိုရောက်တက်လို့ သရဏ=
ကိုးကွယ်ရာလို့ခေါ်ပါတယ်။ အများအားဖြင့် ဗုဒ္ဓဘာသာတွေက ဗုဒ္ဓံသရဏံဂစ္ဆာမိ
ဆိုတဲ့စာပိုဒ်သုံးခု (သို့) ဒီစာပိုဒ်သုံးခုကို နှုတ်ကရွတ်ဆိုတာကို
သရဏဂုံဆောက်တည်တာလို့ ထင်နေကြပါတယ်။ အမှန်မှာတော့ ဘုရား၊တရား၊သံဃာ
ရတနာသုံးပါးဟာ ဆင်းရဲပယ်ဖျောက်ချမ်းသာရောက်စေတဲ့
ဝတ္ထုမှန်သုံးပါးဖြစ်တယ်လို့ ယုံကြည်တဲ့သဒ္ဓါ၊ သိမှတ်နားလည်တဲ့ပညာကို
သရဏဂုံ(သို့) ကိုးကွယ်ဆည်းကပ်မှုလို့ခေါ်တယ်။
မိရိုးဖလာအလွတ်ရထားလို့ဖြစ်စေ၊ ဘုန်းကြီက ချပေးလို့ဖြစ်စေ၊
ဗုဒ္ဓံသရဏံဂစ္ဆာမိ စသည်ဆိုတဲ့အခါ ယုံကြည်မှုသဒ္ဓါတရားကို အသိဉာဏ်နဲ့မယှဉ်တဲ့
ဉာဏဝိပ္ပယုတ် သရဏဂုံလို့ခေါ်တယ်။ ဆင်းရဲပယ်ဖျောက်၊ ချမ်းသာရောက်စေတဲ့
ဝတ္ထုမှန်သုံးပါးဖြစ်ကြောင်းကို ယုံလဲယုံကြည်မယ်၊
သိရှိနားလည်မှုလဲရှိမယ်ဆိုရင် ယုံကြည်မှုသဒ္ဓါ၊ သိနားလည်မှုပညာနှစ်ပါးကို
အသိဉာဏ်နဲ့ယှဉ်တဲ့ ဉာဏသမ္ပယုတ်သရဏဂုံ လို့ခေါ်ပါတယ်။
ဒီနေရာမှာ ရတနာသုံးပါးဟာ ဘေးရန်ပယ်ဖျောက် ချမ်းသာရောက်စေတက်တဲ့
ဝတ္ထုမှန်သုံးပါးဖြစ်တယ်လို့
ယုံကြည်သိမှတ်ဆည်းကပ်ကိုးကွယ်သူ၊ယုံကြည်သိမှတ်တဲ့သဒ္ဓါ၊ပညာဦးဆောင်တဲ့စိတ်အစဉ်နဲ့ရွတ်ဆိုတဲ့လူကို
(လောကီသရဏဂုံ)ဆောက်တည်တဲ့လူလို့ခေါ်ပြီး၊ဝိပဿနာကမ္မဋ္ဌာန်းအားထုတ်မှရရှိတဲ့မဂ်စိတ်လေးပါးကိုရတဲ့
အရိယာပုဂ္ဂိုလ်ရှစ်ယောက်ကို (လောကုတ္တရာသရဏဂုံ) တည်တဲ့လူလို့
နှစ်မျိုးရှိပါတယ်။
လောကီသရဏဂုံဆောက်တည်တဲ့အတွက်ယခုဘဝမှာကြောက်ရွံ၊ထိတ်လန့်ခြင်းကင်းတယ်။
စိတ်ကြည်လင်တယ်၊ စည်းစိမ်ဥစ္စာ လာဘ်သပ်ပကာ တိုးတယ်၊ သေတဲ့အခါမှာ အပါယ်လေးဘ
ုံမရောက်ဘဲ လူစည်းစိမ်၊ နတ်စည်းစိမ်ခံစားရတယ်။ လောကုတ္တရာသရဏဂုံ၎ပါးကတော့
ဖိုလ်လေးပါးအကျိုးကို ခံစားရတယ်။ ဝဋ်ဒုက္ခမှကင်းပြီး နိဗ္ဗာန်ချမ်းသာကို
ရရှိခံစားနိုင်ပါတယ်။
လောကုတ္တရာသရဏဂုံကတော့ တစ်ခါရပြီးရင် ဘယ်တော့မှမပျက်စီးတော့ပါဘူး၊
နိဗ္ဗာန်ရတဲ့အထိ ဘဝအဆက်ဆက် တည်မြဲသွားတယ်။ တစ်ဆင့်ထက်တစ်ဆင့် မြင့်တက်ပြီး
နိဗ္ဗာန်တိုင် ရောက်သွားနိုင်ပါတယ်။ လောကီသရဏဂုံကတော့ အခြားဘာသာကို
ကူးပြောင်းကိုးကွယ်တဲ့အခါ၊ ဘဝတစ်ပါးပြောင်းသွား ကွယ်လွန်တဲ့အခါ
ပျက်စီးပါတယ်။ အသိစိတ်မရှိတဲ့ အလောင်းကောင်ကြီးကိုလဲ သရဏဂုံတင်တဲ့ကိစ္စကလဲ
အသိစိတ်မရှိတဲ့ အလောင်းကောင်ကြီးကတော့ သရဏဂုံမရပါဘူး။ ဒါပေမဲ့ သေတဲ့သူဟာ
ပြိတ္တာဖြစ်နေလို့ တရားလာနာရင်တော့ ကုသိုလ်ရပါတယ်။ သာဓုခေါ်နိုင်ပါတယ်။
သေဆုံးသွားတဲ့အခါ ခြောက်တာတို့၊ လှ့န်တာတို့၊ နှုတ်ဆက်တာတို့ဟာ ဝေမာနိက
ပြိတ္တာ၊တစ္ဆေ၊ သရဲ ဖြစ်လို့သာ ခြောက်လှန့်လိုရတယ်ဆိုတာ စကားချပ်အနေနဲ့
ပြောချင်ပါတယ်။ လူ့ဘဝမှာ မကောင်းတာအကုန်လုပ်၊ အကုသိုလ်အားကြီးတဲ့သူကတော့
သေတဲ့အခါ ငရဲကို တိုက်ရိုက်ရောက်သွားတဲ့ အတွက် ခြောက်လှန့်ဖို့၊
နှုတ်ဆက်ဖို့နေနေသာသာ သူကိုယ်တိုင်ငရဲဘုံမှာ ဒုက္ခပေါင်းစုံ
မရှုမလှခံစားနေရပါတယ်။
ရတနာသုံးပါးဟာ ကိုးကွယ်ဆည်းကပ်စရာ ဟုတ်မှဟုတ်ရဲ့လား၊ ရတနာသုံးပါးကို
ကိုးကွယ်ဆည်းကပ်လို့ရော
အကျိုးကျေးဇူးရှိပါ့မလားလို့သံသယစိတ်တွေဝင်တဲ့အခါမှာလည်းသရဏဂုံညစ်နွမ်းပါတယ်။
ဒါဟာလဲဗုဒ္ဓဘာသာဝင်တို့သတိထားသင့်တဲ့အချက်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်အမြဲတမ်းဖြူစင်
လတ်ဆက်နေအောင် ရတနာသုံးပါးကို ယုံကြည်ကိုးစားစိတ်ရှိဖို့
လိုအပ်ပါတယ်။လောကုတ္တရာ သရဏဂုံကတော့ ဘယ်အခါမှမညစ်နွမ်းပါဘူး။
တစ်ကြိမ်ဆောက်တည်ထားတဲ့ လောကီသရဏဂုံဟာ ဘာသာပြောင်းရင်၊
သေရင်ပျက်စီးပါတယ်။ တစ်ခါသာမက အကြိမ်ကြိမ် ဆောက်တည်နိုင်တဲ့အတွက်
ကုသိုလ်အကြိမ်ကြိမ် ရနေပါတယ်။
၂၄ပစ္စည်းပဋ္ဌာန်းဒေသနာတော်မှာအာသေဝနပစ္စည်းဆိုတာ ရှိပါတယ်။
ကုသိုလ်ကောင်းမှုကို ထပ်ခါ၊ ထပ်ခါပြုလုပ်ခြင်း၊ တစ်ခါလုပ်ထားတဲ့
ကုသိုလ်ကို ထပ်ခါ၊ထပ်ခါပွားများနေခြင်းဖြင့် ကုသိုလ်ဟာအင်အား
ကြီးမားလာပါတယ်။ဒီလို ကုသိုလ်အင်အား ကြီးမားလာအောင်လို့ သရဏဂုံက
ိုအထပ်ထပ် တည်ဆောက်စေတာ ဖြစ်ပါတယ်။
ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တဲ့သူဟာ သေရင်အပါယ်မလားဘူး၊
သေရင်နတ်ပြည်တော့ အနည်းဆုံးရောက်တယ်လို့ ဓမ္မပဒ
ပါဠိတော်မှာဘုရားဟောထားပါတယ်။ နတ်သားချင်းတူတာတောင်
လူ့ပြည်မှာသရဏဂုံတည်သူ၊ပွာများသူဟာနတ်ပြည်မှာအခြားနတ်သားတွေထက်အသက်၊အရောင်အဝါ၊
အခြွေအရံ၊ ချမ်းသာ၊ အစိုးရခြင်း၊ ရူပါရုံ၊ သဒ္ဓါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊
ဖောဋ္ဌဗ္ဗရုံ ဒီ ၁၀-ပါးတို့ဖြင့် အခြားနတ်သားများထက် လွန်ကဲတယ်လို့
တာဝတိံသာနတ်ပြည်သို့ကြွတော်မူတဲ့ ရှင်မောဂ္ဂလန် ကိုယ်တော်မြတ်ကြီးက
မိန့်ကြားတော်မူခဲ့ပါတယ်။
ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ဘုရားရှင်လက်ထက်တော်ကသေရည်၊သေရက်
နေ့စဉ်ရက်ဆက်သောက်တဲ့ သရဏဥပါသကာဆိုတာရှိခဲတယ်။ သူဟာသရဏဂုံတည်တဲ့အတွက်
သူ့ကိုသရဏဥပါသကာလို ခေါ်ပါတယ်။ ဒီလူသေတဲ့အခါဘုရားရှင်က
နတ်ပြည်ကိုရောက်တယ်လို့ ဟောတော်မူတဲ့အတွက်ဘုရားရှင်ရဲ့ဆွေတော်၊
မျိုးတော်တွေက ဘုရားရှင်ကို ကဲ့ရဲ့ပြစ်တင်ကြပါတယ်။ ဘုရားရှင်စကားက ဟုတ်မှ
ဟုတ်ပါမလားပေါ့။ ဒါနဲ့မဟာနာမ်မင်းကကြားပြီး အရှင်ဘုရား..အရှင်ဘုရားရဲ့
ဆွေမျိုးတွေကအရှင်ဘုရားကို ကဲ့ရဲ့ပြစ်တင်ကြတယ်ဘုရား။
သေအရက်ကိုနေ့စဉ်သောက်တဲ့သူဟာ သေတော့ နတ်ပြည်ရောက်တယ်ဆိုတာ
အရှင်ဘုရားဟောတာကို ဘယ်သူမှမယုံကြဘူး ဘုရားလို့လျှောက်တယ်။
ဘုရားရှင်က…."သူဟာ သေတာနဲ့တပြိုင်နက်သောတပန်ဖြစ်သွားတယ်။ သေရည်၊သေရက်သောက်တဲ့ကံက
သူ့ကိုမတားမြစ်နိုင်ဘူး။ဘာကြောင့်တုံးဆိုတော့ဘုရား၊တရား၊သံဃာဆိုတဲ့ရတနာသုံးပါးရဲ့
ဂုဏ်ကျေးဇူးတော်များက အတိုင်းမသိ ကြီးကျယ်မြင့်မြတ်တာကတကြောင်း၊ သူကလဲဘဲ
ရတနာသုံးပါးကို အသက်စွန့်၍ယုံကြည်ခြင်းဌါ
စွမ်းနိုင်တဲ့အဝေစ္စပဿဒဟုဆိုအပ်တဲ့ သဒ္ဓါတရားထားရှိတာကတကြောင်း
ဒီအကြောင်းများကြောင့် သေရည်၊သေရက်သောက်တဲ့ အကုသိုလ်ကံဟာ
သူ့ကိုမတားမြစ်နိုင်ဘူး လို့ မိန့်ကြားတော်မူပါတယ်။ "
သရဏဥပါသကာကိုတစ်ဖက်သားက“သရဏဥပါသကာ..သင်ဘုရားကိုဘုရားမဟုတ်ဘူး၊တရားကိုတရား
မဟုတ်ဘူး၊သံဃာကိုသံဃာမဟုတ်ဘူးလို့
ပြောရင်ပြော၊မပြောရင်သင့်ခေါင်းဖြတ်မယ်လို့”ဆိုခဲ့ရင်တောင်
သရဏဥပါသကာကသင်..ငါ့ခေါင်းကိုဖြတ်ချင်ဖြတ်ပါ။
ကျွှန်ုပ်ဘုရားကိုဘုရားမဟုတ်ဘူး၊တရားကိုတရား
မဟုတ်ဘူး၊သံဃာကိုသံဃာမဟုတ်ဘူးလို့မပြောဝံ့ဘူးလို့
ပြန်ပြောနိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။
ဒါကြောင့်အင်မတန်စွန့်နိုင်ခဲတဲ့ တရားနှစ်ပါးအကြာင်းကို ဘုရားရှင်က ဤသို့
ဟောကြားတော်မူခဲ့ပါတယ်….
“ဒွေမာ ဘိက္ခဝေ အာသာ ဒုပ္ပဇဟာ၊
ကတမာ ဒွေ လာဘာသာ စ ဇီဝိတာသာ စ၊
ဣမာ ခေါ ဘိက္ခဝေ ဒွေ အာသာဒုပ္ပဇဟာ။”
အဓိပ္ပါယ်ကတော့- မိမိ၏အသက်၌ ကပ်ငြိတွယ်တာ သာယာမက်မောတက်တဲ့ အာသာကိုလည်း
စွန့်နိုင်ခဲတယ်။ လာဘ်၌ ကပ်ငြိတွယ်တာ သာယာမက်မောတက်တဲ့ အာသာကိုလဲ
စွန့်နိုင်ခဲတယ်။ အဲဒီလိုစွန့်နိုင်ခဲတဲ့ အကြောင်းတရားနှစ်ပါးတိုတွင်
တပါးပါးကိုစွန့်ပြီး ရတနာသုံးပါးကို ယုံကြည်ခြင်းဌါ စွမ်းနိုင်လို့ရှိရင်
တရားကိုအားမထုတ်ဘဲနဲ့ မဂ်တရားဖိုလ်တရားကို ရနိုင်တယ်လို့
ဟောတော်မူခဲ့ပါတယ်။
ရတနာသုံးပါးကို အထွတ်မြတ်ဆုံးဟု ယုံကြည်၍၊ သိ၍ ငါ့ရဲ့ကိုးကွယ်ရာပဲလို့
စိတ်၌ဖြစ်ပေါ်နေသမျှ ထိုသူမှာ သရဏဂုံတည်နေတော့တာပါဘဲ။ ထိုစိတ်ကို
မစွန့်သမျှကာလပတ်လုံး၊ ဗုဒ္ဓဘာသာဝင်အဖြစ်ကို စွန့်၍အခြားဘာသာထဲသို့
မဝင်သမျှကာလပတ်လုံး သရဏရုံမပျက်ဘဲ ဆက်လက်တည်နေပါတယ်။ ကာလရှည်ရှည်
သရဏဂုံတည်လေ အကျိုးများလေလေပါဘဲ။ ဒါကြောင့်အကျိုးများလှတဲ့ သရဏဂုံကို
တသက်လုံးအတွက် ရည်မှန်းဆောက်တည်ကြရန်၊ တသက်ပန်တည်ဆောက်ရန် သရဏဂုံကို
ရေးသားတင်ပြလိုက်ရပါတယ်။
“ တသက်ပန်တည်ဆောက်ရန် သရဏဂုံ ”
၁။ အဇ္ဇအာဒိံကတွာ အဟံ အတ္တာနံ ဗုဒ္ဓဿ နိယျာဒေမိ။
၂။ အဇ္ဇအာဒိံကတွာ အဟံ အတ္တာနံ ဓမ္မဿ နိယျာဒေမိ။
၃။ အဇ္ဇအာဒိံကတွာ အဟံ အတ္တာနံ သံဃဿ နိယျာဒေမိ။
၎။ ဇီဝိတ ပရိယန္တိကံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
၅။ ဇီဝိတ ပရိယန္တိကံ ဓမ္မံ သရဏံ ဂစ္ဆာမိ။
၆။ ဇီဝိတ ပရိယန္တိကံ သံဃံ သရဏံ ဂစ္ဆာမိ။
( ဒုတိယမ္ပိ၊ တတိယမ္ပိ ) အထက်ပါအတိုင်း တည်ဆောက်ပါ။
အနက်အဓိပ္ပါယ်
၁။ အဇ္ဇအာဒိံကတွာ - ယနေ့ကိုအစပြု၍၊ အဟံအတ္တာနံ- မိမိကိုယ်ကို၊
ဗုဒ္ဓဿ-မြတ်စွာဘုရားအား၊ နိယျာဒေမိ- အပ်နှင်းလှူဒါန်းပါ၏။
၂။ အဇ္ဇအာဒိံကတွာ - ယနေ့ကိုအစပြု၍၊ အဟံအတ္တာနံ- မိမိကိုယ်ကို၊
ဓမ္မဿ-တရားတော်မြတ်အား၊ နိယျာဒေမိ- အပ်နှင်းလှူဒါန်းပါ၏။
၃။ အဇ္ဇအာဒိံကတွာ - ယနေ့ကိုအစပြု၍၊ အဟံအတ္တာနံ- မိမိကိုယ်ကို၊
သံဃဿ-သံဃာတော်မြတ်အား၊ နိယျာဒေမိ- အပ်နှင်းလှူဒါန်းပါ၏။
၎။ဇီဝိတပရိယန္တိကံ - အသက်ဆုံးသည့်တိုင်အောင်၊ ဗုဒ္ဓံ - မြတ်စွာဘုရားကို၊
သရဏံ - ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏။
၅။ဇီဝိတပရိယန္တိကံ - အသက်ဆုံးသည့်တိုင်အောင်၊ ဓမ္မံ - တရားတော်မြတ်ကို၊
သရဏံ - ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏။
၆။ဇီဝိတပရိယန္တိကံ - အသက်ဆုံးသည့်တိုင်အောင်၊ သံဃံ -သံဃာတော်မြတ်ကို၊
သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏။
တသက်လုံး အသက်ဆုံးသည့်တိုင်အောင်၊ သရဏဂုံ အမြဲတည်ပါပြီ။ အားကိုးရာ၊
မှီခိုရာ၊ ဆောက်တည်ရာ ရပါပြီ။ မပျက်တော့ပါဘူး။
အယူတပါးများ - ယူသွားရင်၊ သရဏဂုံ ပျက်ပြီးလို့ မှတ်ကြပါ။ ။
ကျေးဇူးရှင် တောင်ပုလုဆရာတော်ဘုရားကြီး ၊ ဆရာသောင်းလွင် - ဘီအေ
Wednesday, January 13, 2010
မေတ္တာကမ္မဋ္ဌာန်း လက်တွေ့ရှုပွားနည်း
တစ်ဖက်သားကို ချမ်းသာစေလိုတဲ့စိတ်တွေ၊ ကောင်းစားစေလိုတဲ့စိတ်တွေ၊ ဘေးရန်ကင်းစေလိုတဲ့စိတ်တွေ အကြိမ်ကြိမ် အထပ်ထပ် အဖန်ဖန် ဖြစ်စေတာကို မေတ္တာဘာဝနာလို့ ဆိုနိုင်ပါတယ်။
အဲဒီလိုစိတ်တွေပွားအောင် များအောင် အကြိမ်ကြိမ်အဖန်ဖန် ပြုလုပ်နေတာကိုတော့ မေတ္တာဘာဝနာပွားတယ်လို့ ဆိုနိုင်ပါတယ်။
စိတ်ရဲ့အပေါ်ယံပိုင်းကနေ ပွားနေရုံမျှ မဖြစ်စေဘဲ မိမိစိတ်ရဲ့ အတွင်းပိုင်း၊ အနက်ရှိုင်းဆုံးကနေ မေတ္တာပွားရင် မေတ္တာအင်အား စူးရှထက်မြက်လာမှာဖြစ်တယ်၊ နှုတ်ကနေ သာမာန်ရွတ်ဆိုရုံမျှနဲ့ မေတ္တာဘာဝနာ ပွားတယ် မမည်သေးပါဘူး။
ပါဠိ ဝေါဟာရအနေနဲ့ ပွားများမယ်ဆိုရင်တော့..
“အဝေရာ ဟောန္တု
အဗျာပဇ္ဇာ ဟောန္တု
အနီဃာ ဟောန္တု
သုခီအတ္တာနံ ပရိဟရန္တုလို့ အကြိမ် ရာထောင်မက နှလုံးသွင်း ပွားများနေရပါမယ်။
မေတ္တာကမ္မဋ္ဌာန်းရှုပွားမည့်သူဟာ မေတ္တာရဲ့အင်အား မေတ္တာရဲ့စွမ်းအင်ကို သံသယမရှိ ယုံကြည့်ဖို့က အရင်းခံ ပဓာနကျပါတယ်။  မေတ္တာကမ္မဋ္ဌာန်း ရှုပွားရာမှာ ဝေါဟာရစကားလုံးရဲ့အနက် ပေါ်လွင်ထင်ရှားမှုကလည်း အရေးပါတယ်။  ဒါ့ကြောင့် အတိုဆုံးနှင့် အနက်ထိမိပြီး အဓိပ္ပာယ်လည်း ကျယ်ပြန့်တဲ့ မြန်မာဝေါဟာရကတော့ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ပဲ သုံးနှုန်းပြီး မေတ္တာဘာဝနာ ပွားနိုင်ပါတယ်။
ကြိုတင်သိထားရမယ့် အချက်တွေကတော့..
၁။ မေတ္တာရဲ့အင်အားစွမ်းအင်ကို ယုံကြည်ဖို့ ကြိုတင်လေ့လာဆည်းပူးထားရမယ့်အပြင်
၂။ မေတ္တာခံယူမယ့် သက်တော်ထင်ရှားပြီး မိမိအပေါ် အကျိုးကျေးဇူးကြီးမားတဲ့ လူပုဂ္ဂိုလ်၊
ရဟန်းပုဂ္ဂိုလ် (၅)ဦးခန့်ကို ဦးစွာရွေးချယ်ထားပြီး ဖြစ်ရပါမယ်။
၃။ မေတ္တာကို အရပ်မျက်နှာများနှင့် လူပုဂ္ဂိုလ်များကို ပို့လွှတ်တဲ့အခါမှာ မိမိပို့လွှတ်ရာကို
မေတ္တာလှိုင်းများ ရောက်နိုင်တယ်လို့လည်း ကြိုတင်သိထားရမယ်။
နောက်ပိုင်း မေတ္တာဘာဝနာပွားတာ အလေ့အကျင့်အားကောင်းသွားတဲ့အခါမှာတော့ မေတ္တာလှိုင်းတွေ မိမိခန္ဓာကိုယ်က ဖြာထွက်ပြီး ပို့တဲ့ဆီကို ရောက်တယ်လို့ ကိုယ်တိုင် သဘောကျနိုင်ပါတယ်။
၎။ ဒါပေမယ့် မေတ္တာပွားတဲ့နေရာမှာ ကိုယ်ကျိုးစီးပွားရလိုမှု လုံးလုံးကို မပါသင့်ပါဘူး။
မေတ္တာခံယူသူအတွက် ချမ်းသာစေလိုတဲ့စိတ်၊ ကောင်းစားစေလိုတဲ့စိတ်သာ ရှိနေရပါမယ်။
၅။ “သြဓိသမေတ္တာ” ပုဂ္ဂိုလ်ရည်ညွှန်းပြီး ပို့တဲ့အခါမှာတော့ မေတ္တာခံယူမည့်ပုဂ္ဂိုလ် မိမိရှေ့မှာ
မျက်နှာချင်းဆိုင် ထိုင်နေတယ်လို့ကို စိတ်ညွတ်ပြီး အဲဒီပုဂ္ဂိုလ် မျက်နှာသဏ္ဍာန်ကို စိတ်ထဲ ပုံဖော်မြင်အောင်ကြည့်ပြီး ရာထောင်မက မေတ္တာပွားရပါတယ်။
၆။ မေတ္တာကမ္မဋ္ဌာန်းမပွားခင် ဦးစွာ ဘုရားရှိခိုးတာ သီလခံယူဆောက်တည်တာ စတဲ့ ပုဗ္ဗကိစ္စ
ကြိုတင်ပြင်ဆင်မှုများကိုတော့ ဆောင်ရွက်မြဲအတိုင်း ဆောင်ရွက်နိုင်ပါတယ်။
၇။ အစပိုင်း လေ့ကျင့်ခါစမှာတော့ တစ်ကြိမ်ကို မိနစ်၃၀စီ သတ်မှတ်ပြီး အကြိမ်များများကို
ထိုင်တဲ့ ဣရိယာပုထ်နှင့်သာ ပွားသင့်ပါတယ်။  နေရာကျပြီဆိုရင်တော့ နောက်ပိုင်း သိပ်ကို လွယ်ကူပါတယ်။  မေတ္တာပွားပြီးနေရတာ သက်သာတယ်၊ ပေါ့ပါးတယ်၊ ငြိမ်းချမ်းတယ်၊ ဒီလိုအတွေ့အကြုံရှိလာတဲ့ ယောဂီပုဂ္ဂိုလ်ဟာ မေတ္တာကမ္မဋ္ဌာန်းကို မပွားဘဲ မနေနိုင်တော့ပါဘူး။  အလိုလိုပဲ စိတ်က မေတ္တာကမ္မဋ္ဌာန်း ပွားပြီးသားဖြစ်နေတတ်ပါတယ်။
၈။ လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ ဣရိယာပုထ် ၄မျိုးထဲမှ အလျဉ်းသင့်သလို တစ်မျိုးမျိုးနဲ့ ပို့နိုင် ပွားနိုင်ပါတယ်။  လေးလေးနက်နက်ဖြစ်ဖို့ရာအတွက်သာ ထိုင်တဲ့ဣရိယာပုထ်ကို ညွှန်ပြတာပါ။  (တိဌံစရံနိ သိန္နောဝ သယာနော- မေတ္တာသုတ်)
၉။ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရဘူး။  သေပြီးသူဟာ မေတ္တာအာရုံယူဖို့
မဖြစ်နိုင်တော့တာမို့ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရပါဘူး။
(အမျှဝေလိုက ဝေဖို့ပဲရှိပါတယ်)
၁၀။ ရှေးဦးစွာ မေတ္တာအာရုံနိမိတ်ယူပြီး မပွားရတဲ့ပုဂ္ဂိုလ်၎မျိုးကတော့
(၁) မုန်းသူ
(၂) အလွန်ချစ်သူ
(၃) မချစ်မမုန်းသူနှင့်
(၄) ရန်သူတို့ ဖြစ်တယ်။
အကြောင်းမှာ- မုန်းနေတဲ့သူ၊ ရန်သူတွေကို ချမ်းသာကောင်းစားစေလိုတဲ့စိတ်ဖြစ်ဖို့ ခက်တဲ့အပြင် ဦးစွာ မေတ္တာပို့မိရင် မေတ္တာရဲ့ဆန့်ကျင်ဘက် ဒေါသ၊ အာဃာတတို့သာ ဖြစ်နိုင်ပါတယ်။  ဒါ့ကြောင့် ဒီသူ၂ဦးကို ဦးစွာ မေတ္တာမပွားရပါဘူး။
အလွန်ချစ်ခင်တဲ့သူ အပေါ်မှာလည်း တဏှာပေမစိတ် ရင့်သန်ကြီးထွားနေလို့ မေတ္တာစိတ် မဖြစ်နိုင်ပြန်ဘူး။
အလယ်အလတ် မချစ်မမုန်းသူရဲ့အကျိုးစီးပွားကို လိုလားတဲ့မေတ္တာစိတ်ဖြစ်ဖို့လည်း ခက်ခဲပြန်ပါတယ်။
ဒါ့ကြောင့် ဒီပုဂ္ဂိုလ်မျိုးတွေကို ဦးစွာ မေတ္တာမပွားရပါဘူး။  မေတ္တာစိတ်အစစ်အမှန်ဖြစ်ပြီးတဲ့အခါမှာပဲ သူတို့ကို မေတ္တာပွားရပါမယ်။
၁၁။ ဆန့်ကျင်ဘက်လိင်(ယောက်ျားက မိန်းမကို၊ မိန်းမက ယောက်ျားကို) မေတ္တာပွားမယ်ဆိုရင်လည်း မေတ္တာစိတ်မဖြစ်ဘဲ ရာဂစိတ်ရိုင်းတွေဖြစ်လာနိုင်တဲ့အတွက် သတိပြုရပါမယ်။  သို့သော် အမျိုးသမီးများအနေနှင့် သက်တော်ထင်ရှား ကျေးဇူးရှင်ဆရာတော်ကြီးများကို မေတ္တာအာရုံထားပြီး ဘာဝနာပွားတဲ့အခါ မူမမှန်တဲ့စိတ်ရိုင်းများ မဖြစ်လာရင်တော့ မေတ္တာပွားနိုင်ပါတယ်။
အရှင်ခေမာနန္ဒ(မဟာမြိုင်တောရ) မေတ္တာကမ္မဋ္ဌာန်းလက်တွေ့ရှုပွားနည်း
စာအုပ်မှ ကူးယူ ဖော်ပြပါသည်။
နေ့စဉ်ဘ၀ထဲ၌ လုပ်ရင်းကိုင်ရင်း ပွားများခြင်း
မေတ္တာဘာဝနာပွားတာ ဦးစွာ မနော(စိတ်)ကနေ ပွားနေခြင်းဖြစ်ပါတယ်။  အလေ့အကျင့်ရလာတဲ့အခါကျတော့ နေ့စဉ်ဘ၀ထဲကို မေတ္တာရောက်ရှိနေပါပြီ။  ဒီလိုရောက်လာဖို့ အထောက်အကူဖြစ်နိုင်ဖို့နည်းလမ်းကတော့ လူတစ်ယောက်ကို တွေ့ရင် မိမိက ဦးစွာ မေတ္တာပို့ပါ။  တစ်နေရာရာသွားရင် မေတ္တာပို့ပြီးမှ သွားတဲ့ အလေ့အကျင့်လုပ်ပါ။  အိပ်ရာဝင်ရင်လည်း အိပ်မပျော်မချင်း မေတ္တာပို့နေပါ။  မေတ္တာပို့ရင်းပဲ အိပ်ပျော်ပါစေ၊ နိုးလာရင်းလည်း မေတ္တာစိတ်နှင့်ပဲ နိုးနိုင်ဖို့ လေ့ကျင့်ပေးပါ။  စားသောက်တဲ့အခါလည်း ချက်ပြုတ်ပြင်ဆင်သူများကို မေတ္တာပွားပြီးမှစားပါ၊ တစ်ယောက်ယောက်ကို သတိရရင်လည်း မေတ္တာအရင်ပွားပါအုံး။
ဒီလိုနဲ့ အလေ့အကျင့် အားကောင်းလာတဲ့အခါမှာတော့ မိမိတမင်တကာ မေတ္တာစိတ်ဖြစ်အောင် လုပ်စရာမလိုဘဲ အလိုလိုပဲ မေတ္တာစိတ်ဖြစ်နေတာ သတိထားမိပါလိမ့်မယ်။  စိတ်ထဲ သူ့အလိုလိုပဲ ကျေးဇူးတင်စိတ်တွေ ဖြစ်လာတတ်တယ်။  ဆင်းရဲဒုက္ခရောက်သူကို တွေ့ရင်လည်း လှိုက်လှိုက်လှဲလှဲ သနားကရုဏာစိတ်တွေ ရင်ထဲ အလိုလိုပဲ ဖြစ်လာတတ်တယ်။
မေတ္တာရဲ့ ကျေးဇူးနှင့် သာဓကကို ဖော်ပြရင်တော့ အများကြီးပါပဲ..။
မြတ်စွာဘုရားရှင်က လက်တစ်ဖျစ်တီးကာလမျှ မေတ္တာစိတ်ကို ပွားများဖြန့်ဖြူးပို့သ မှီဝဲနေတဲ့ ရဟန်းကို ဈာန်မှ မဆိတ်သုဉ်းသောရဟန်း၊ ပြည်သူ့ဆွမ်းကို အကျိုးရှိအောင် ဘုဉ်းပေးသုံးဆောင်သောရဟန်းဆိုပြီး အထူးချီးမွမ်းတော်မူပါတယ်။
ထင်ရှားတဲ့သာဓကအနေနှင့်တော့ ဓမ္မစင်္ကြာဒေသနာဦးကို မဟောကြားခင် ပဉ္စ၀ဂ္ဂီငါးပါးနှင့် ဘုရားရှင်ရဲ့မေတ္တာတော်ဟာ အံ့ဖွယ်မှတ်သားစရာပါပဲ။
“မြတ်စွာဘုရားရှင်သည် ထိုပဉ္စ၀ဂ္ဂီငါးဦးတို့၏ စိတ်ထားကို သိမြင်တော်မူလေလျှင် အလုံးစုံသော သတ္တ၀ါတို့အပေါ်၌ မည်သည့်သတ္တ၀ါအတွက်ဟု ရည်မှတ်ပိုင်းခြားမှု မထားသောအားဖြင့် သိမ်းကျုံးဖြန့်လွှမ်းထားနိုင်သော မေတ္တာစိတ်ဓာတ်တော်ကို အကျဉ်းချုံး ရုံးစု၍ သီးသန့်ပိုင်းခြား သတ်မှတ်သောအားဖြင့် ပဉ္စ၀ဂ္ဂီငါးဦးတို့အပေါ်၌သာလျှင် မေတ္တာဖြန့်ပို့တော်မူ၏။  ဘုရားရှင်မေတ္တာဓာတ် ထိခိုက်ခြင်းကြောင့် ထိုပဉ္စ၀ဂ္ဂီတို့သည် ဘုရားရှင်ကြွလာတော်မူလျှင် (သိဒ္ဓတ္ထလာလျှင် ခရီးဦးအကြိုမပြုတော့ဘူးဟူသော)မိမိတို့ မူလကတိအတိုင်း မရပ်တည်နိုင်ကြတော့ဘဲ ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်းစသော အမှုကိစ္စအားလုံးကို ပြုမိကြလေပြီ”  ဒါက မေတ္တာရဲ့သာဓကပါပဲ။
နောက်သာဓကတစ်ခုကလည်း မြတ်စွာဘုရားဟာ စင်္ကြာဝဠာအနန္တတို့အပေါ်၌ ဖြန့်လွှမ်းပို့နိုင်တဲ့ မေတ္တာစိတ်ဓာတ်ကို နာဠာဂီရိဆင်တစ်ကောင်တည်းအပေါ်မှာသာ စုပြုံဖြန့်လွှမ်းတော်မူပါတယ်။  နာဠာဂီရိဆင်ဟာ ဘုရားရှင်၏မေတ္တာစိတ်ကို ထိခိုက်နေပြီဖြစ်လို့ ဘေးရန်ကင်းစွာ ဘုရားရှင်ရဲ့ခြေတော်အစုံမှာ ခိုလှုံတုပ်ဝပ်ပါတော့တယ်။
မေတ္တာကမ္မဋ္ဌာန်းအားထုတ်မည့်သူ သတိထားရမည့် အရေးအကြီးဆုံးအချက်ကတော့.. မေတ္တာစွမ်းအားဟာ ရှေးအခါကသာ စွမ်းတယ်၊ ယခု မစွမ်းတော့ဘူးလို့ မမှတ်ယူရဘူး၊ တရားတို့မည်သည် ပုဂ္ဂိုလ်သတ္တ၀ါ၊ အချိန်ကာလ၊ နေရပ်ဒေသဟူ၍ မရှိကောင်းပါဘူး။  အရင်လည်း စွမ်းတယ်၊ ခုလည်း စွမ်းတယ်၊ နောင်လည်း စွမ်းပါတယ်။  ဘုရားရှင်ဟောတော်မူတဲ့ တရားတော်မှန်သမျှဟာ.. တကယ်ကျင့်ကြံရင် တကယ့်ကိုပဲ အစွမ်းထက်လှပါတယ်။  ကျင့်ကြံအားထုတ်နေသူတွေ ရှိသရွေ့လည်း သာသနာဟာ မကွယ်ပျောက်ပါဘူး။  ဒါကို သေသေချာချာသိပြီး လေးလေးနက်နက် ယုံကြည်ထားမှ ထိထိရောက်ရောက်လုပ်ဖြစ်မှာပါ။  နောက်ပြီး မေတ္တာပွားများတဲ့ကံဟာလည်း ဘ၀သံသရာမှာ အလွန်ကြီးကိုပဲ အကျိုးပေးသန်လှပါတယ်ဆိုတာကို အထက်မှာ ရှင်းပြခဲ့ပြီးပါပြီနော်..။
စာဖတ်သူအပေါင်း မေတ္တာ၏ အေးချမ်းမှုများဖြင့် ပြည့်စုံကြပါစေ…
အရှင်ခေမာနန္ဒ(မဟာမြိုင်တောရ) မေတ္တာကမ္မဋ္ဌာန်းလက်တွေ့ရှုပွားနည်း
စာအုပ်မှ ကူးယူ ဖော်ပြပါသည်။
မေတ္တာကမ္မဋ္ဌာန်းစတင်ပွားများခြင်း(သီးသန့်ကျင့်ခြင်း)
မိမိကိုယ်ကိုပဲ မေတ္တာစတင်ပွားပို့ရပါမယ်၊ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ အကြိမ် ရာထောင်မက မိမိကိုယ်ကို ဦးစွာ မေတ္တာပွားပါ။  မိမိကိုယ်ကို မေတ္တာပွားရတာ အားရကျေနပ်ထားရင် သူတစ်ပါးကို မေတ္တာပွားရတာ လွယ်ကူပါလိမ့်မယ်။  ဘာကြောင့်လဲဆိုရင် အရပ်များကို စိတ်ဖြင့် လှည့်လည်ရှာသော်လည်း မိမိကိုယ်ထက်သာပြီး ချစ်ခင်မြတ်နိုးသူကို မတွေ့နိုင်ဘူးလို့ ဘုရားရှင် မိန့်တော်မူထားပါတယ်။  ဒါ့ကြောင့် မိမိကိုယ်ကို သက်သေပြုပြီး မေတ္တာပို့တာဟာ မေတ္တာကမ္မဋ္ဌာန်းမှာ အသင့်တော်ဆုံးဖြစ်ပါတယ်။
ပြီးမှ သက်တော်ထင်ရှားရှိပြီး မေတ္တာစတင်မပွားရမည့် ပုဂ္ဂိုလ်က လွတ်ကင်းပြီး မိမိအပေါ် ကျေးဇူးကြီးမားတဲ့ ဆရာသမား မိဘဘိုးဘွားတွေထဲက (၅)ဦးခန့်ကို ကြိုတင်ရွေးချယ်ထားရမယ်။  မိမိကိုယ်ကို မေတ္တာပို့ပြီးနောက် ရွေးချယ်ထားတဲ့ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို မိမိအနား မျက်နှာချင်းဆိုင်ထိုင်နေသလို စိတ်ဝယ်မှတ်ပြီး “ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေ၊ ချမ်းပါစေ”လို့ အကြိမ်ကြိမ် မေတ္တာပွားရပါမယ်။
မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးအပေါ် ကျေနပ်ပြီးမှ နောက်တစ်ဦးကို ပြောင်းရမယ်၊ အကယ်၍ မေတ္တာပွားရတာ အခက်အခဲရှိလာရင်တော့ မိမိကိုယ်ကိုပဲ မေတ္တာပြန်ပွားပါ၊ ပြီးမှ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို ပြောင်းယူပါ။
တခါတရံ အချို့ပုဂ္ဂိုလ်ကို မေတ္တာပွားရတာ လွယ်ကူပြီး မျက်နှာပုံပန်းသဏ္ဍာန် ကွက်ကွက်ကွင်းကွင်း ပြုံးပြုံးရွှင်ရွှင် မြင်လာတတ်သော်လည်း အချို့ပုဂ္ဂိုလ်တွေမှာကျတော့ အခက်အခဲရှိနေတာလည်း ကြုံရတတ်တယ်။  အဲဒီအခါကျရင် လွယ်ကူတဲ့ မေတ္တာအာရုံခံပုဂ္ဂိုလ်တွေကို ဦးစားပေး ပွားရပါမယ်။
မေတ္တာစိတ် ညီညွှတ်မျှတနေပြီဆိုရင်တော့ ရန်သူ၊ မုန်းတဲ့သူ၊ အလွန်ချစ်တဲ့သူတွေကိုလည်း ပွားနိုင်ပါပြီ။
မိမိစိတ်ကို မိမိကြည်ညိုဖူးမလားတော့မသိဘူး။  မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးကို စူးစိုက်ပြီးတော့ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေလို့ ကြိမ်ဖန်များစွာ မေတ္တာပို့နေရင် မိမိစိတ်ထဲမှာ တခြားအာရုံတွေ၊ တခြားစိတ်ကူးတွေ ဘာမှပေါ်မလာတော့ဘူး၊ အဲဒီမေတ္တာခံပုဂ္ဂိုလ်အပေါ်မှာသာ စိတ်က စုပြုံစူးစိုက် နစ်နေတယ်၊ အဲဒီအချိန်မှာ လိုချင်တပ်မက်တဲ့စိတ်၊ စိတ်ပျက်စိတ်ဆိုး စိတ်အလိုမကျတဲ့စိတ်၊ အိပ်ချင်ငိုက်မြည်း ပျင်းရိတဲ့စိတ်၊ စိတ်ပူပန်ပျံ့လွင့်တဲ့စိတ်၊ ကြောင့်ကြတဲ့စိတ်နှင့် ရတနာသုံးပါးအပေါ် သို့လောသို့လော မပြတ်သားတဲ့စိတ်ဆိုတဲ့ တားဆီးပိတ်ပင်တတ်တဲ့ နိဝရဏတရားငါးပါး ကင်းကွားနေတတ်တယ်။  မေတ္တာအင်အား ကောင်းသထက်ကောင်းအောင် လေ့ကျင့်လာရင် မေတ္တာခံပုဂ္ဂိုလ်နဲ့ မိမိဟာ ပြုံးရွှင်ကြည်လင်တဲ့သွင်ပြင်နဲ့ မျက်နှာချင်းဆိုင် ထိုင်နေသလိုပဲ စက္ကန့်ပိုင်း မိနစ်ပိုင်းကြာတဲ့ထိ အသိစိတ်ထဲ စွဲမြဲသက်ဝင် တည်နေနိုင်ပါလိမ့်မယ်။
တခြား ဘာအာရုံခံမှ မရှိဘဲ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို ပကတိ ကျန်းမာစေလိုတဲ့စိတ် ပျော်ရွှင်ချမ်းသာ ပြည့်စုံစေလိုတဲ့စိတ်တွေ အလိုလိုဖြစ်နေတာဟာ တမင်တကာစိတ်ကူးကြံဆပြီး ဖြစ်နေတဲ့ စိတ်အဆင့်မျိုး မဟုတ်တော့ဘူး။
ဝီရိယသန်သန် တိုး၍ ကြိုးစားလေ့ကျင့်ပွားများတဲ့ ယောဂီများဟာ မိနစ်ပိုင်းမှ နာရီပိုင်းထိ ကြည်လင်ချမ်းမြေ့တဲ့ မေတ္တာစိတ်နဲ့ နေနိုင်လာပါတယ်။  အိပ်ငိုက်တာမဟုတ်ဘူး၊ စိတ်က ကြည်လင်သန့်စင်နေတယ်။
မိမိရည်မှန်းထားတဲ့ အချိန်နာရီးကာလတလျှောက်လုံး ဘာစိတ်မှမရှိဘူး၊ မေတ္တာစိတ်မျှပဲ ရှိတော့တယ်။
မေတ္တာစိတ်မျှပဲ ရှိနေတာ အချိန်ကြာလာရင်တော့ တခါတရံ ငါ့မှာ ဘာစိတ်တွေ ဖြစ်နေပါလိမ့်မလဲလို့လည်း တစ်ချက်တစ်ချက် စစ်ဆေးမိရက်သားဖြစ်နေတယ်။  ဒီလို (၀ိတက်)၀င်လာခိုက်တော့ မေတ္တာစိတ်အစဉ် ခဏပျက်တယ်၊ ဒါပေမယ့် ပြန်ပြီး ထူထောင်ရတာ ဘာမှ မပင်ပန်းဘူး၊ ကြောင့်ကြစိုက်ရတယ်လို့တောင် ပြောလို့မရဘူး။
အဲဒီလို အချိန်တွေ တော်တော်ကြာသွားပြီး မေတ္တာစိတ်မှအပ ကျန်တဲ့စိတ်တွေ မဖြစ်တောကို သိရလို့လည်း ယောဂီသဘောကျမိတတ်တယ်။  အဲဒီအခါမှာတော့ မိမိစိတ်ကိုမိမိ လှိုက်လှိုက်လှဲလှဲ ကြည်ညိုတယ်ဆိုတဲ့သဘောကို ယောဂီကိုယ်တိုင် သဘောကျနိုင်ပါပြီ။
လူပုဂ္ဂိုလ်များကို ကျေပွန်အောင် မေတ္တာပွားပြီးပြီဆိုရင်တော့ ဦးစွာ
- မိမိထိုင်နေတဲ့ အခန်းရဲ့ မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။
- မိမိထိုင်ရာမှ အရှေ့ကနေပြီး မေတ္တာ စ ပွားတာ လွယ်ကူပါတယ်။  ဒါကို အထပ်ထပ်ပွားလို့ ကျေပွန်ရင်..
- အိမ်ဝန်းရဲ့ အရပ်မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။
- ပြီးရင် ရပ်ကွက်ကျေးရွာနယ်နိမိတ်ထိ မေတ္တာပွားရပါမယ်။
- အဲဒီနောက် မြို့နယ်၊ ခရိုင်၊ တိုင်းနယ်၊ ပြည်နယ်၊ နိုင်ငံနယ်နိမိတ်အထိ အရပ်မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။
- ဆက်ပြီးတော့ ကမ္ဘာကနေ အန္တစင်္ကြာဝဠာထိအောင် စိတ်ကို မြှင့်မြှင့်ပြီးတော့ ချဲ့ချဲ့ပြီးတော့ အရပ်မျက်နှာအားလုံးကို မေတ္တာပွားရမယ်။
- အလေ့အကျင့်ရလာတဲ့အခါမှာတော့ အရပ်မျက်နှာဘောင်တွေ မရှိတော့ဘဲ စက်ဝန်းကြီးအတိုင်း မေတ္တာလှိုင်းများ ချဲ့ချဲ့ပြီး သွားနေတယ်လို
ခံစားရတတ်ပါတယ်။
- အဲဒီအ၀န်းက ရံခါ လင်းနေတယ်၊ ရံခါ ဖွေးနေတယ်လို့လည်း ထင်ရတတ်ပါတယ်။  မိမိကိုယ်ကနေ မေတ္တာလှိုင်းများ ပို့တဲ့ဆီကို အမှန်တကယ်
ရောက်နေပြီလို့လည်း ခံစားရတတ်ပါတယ်။
- အထူးသတိပြုဖို့လိုတာကတော့ မိမိရဲ့မေတ္တာကြောင့် ရန်သူငုပ်လျှိုပြိုလဲစေရမယ်၊ ရန်သူ ဒုက္ခရောက်ရမယ်၊ ငါ့မေတ္တာစူးရင် သင်ရူးပြီလို့ မတွေးကြံရဘူး၊ မရည်ရွယ်ရဘူး၊ ဒီလို စိတ်သဘောထားနှင့် မေတ္တာပို့ရင်တော့ မေတ္တာမဖြစ်နိုင်တော့ပါဘူး၊ မေတ္တာရဲ့ဆန့်ကျင်ဘက် ဒေါသအာဃာတတွေ ရန်ငြိုးတွေသာ
ဖြစ်ဖွယ်ရှိတယ်။  ပို့တဲ့သူဆီကို မေတ္တာရောက်မှာ မဟုတ်တော့တဲ့ပြင် မိမိမှာပဲ ပူလောင်ပင်ပန်းစေတဲ့ အကုသိုလ်ကိလေသာစိတ်တွေဖြစ်ပြီး ပင်ပမ်းဖွယ်ပဲ
ရှိပါတယ်။  မေတ္တာရဲ့ငြိမ်းအေးချမ်းသာမှုနဲ့တော့ ဆန့်ကျင်ဘက်ပါပဲ။
အရှင်ခေမာနန္ဒ(မဟာမြိုင်တောရ) မေတ္တာကမ္မဋ္ဌာန်းလက်တွေ့ရှုပွားနည်း
စာအုပ်မှ ကူးယူ ဖော်ပြပါသည်။