မောင်ငယ် ၏ Blog မှနွေးထွေးပျူငှာလှိုက်လှဲစွာကြိုဆိုပါ၏ အားလုံး ဒုက္ခခပ်သိမ်း ငြိမ်းအေး အောင်နိုင်ပါစေ...ကိုယ်၏ ကျန်းမာခြင်း၊ စိတ်နှလုံး အေးမြခြင်းဖြင့် ပြည့်စုံကြပါစေ...

Monday, March 29, 2010

ကိုယ့်ရင်ထဲက လမ်း

မေတ္တာညွန့်ရပ်ကွက်၊ မေတ္တာညွန့်ဘူတာအနီးက သမာဓိလမ်းကို
ဖြတ်သွားသည့်အခါတိုင်း ပါမောက္ခ ဦးအေးကျော်(မောင်ကြည်သစ်) ပြောတတ်သည့်
စကားကိုသတိရမိ ပါသည်။
''သမာဓိလမ်းထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်လောက်က နေခဲ့ ဖူးတယ်။ အိမ်ထောင်ကျခါစကပေါ့။
မိုးတွင်းဆိုရင်လမ်းကမကောင်းတော့ ခြေမချော်မလဲအောင် သမာဓိနဲ့
လမ်းလျောက်ခဲ့ရတာပေါ့ဗျာ''ဆရာက ရယ်မောစရာအဖြစ် ပြောခြင်းဖြစ်ပါသည်။ ခုတော့
သမာ ဓိလမ်းသည် ကွန်ကရစ်လမ်းဖြစ်နေပါပြီ။ မိုးတွင်းမှာ ခြေချော်မလဲနိုင်
တော့ပါ။ ဆရာ၏ ရယ်မောစရာ စကားကိုနားထောင် ရယ်မောရင်း မေတ္တာညွန့်ရပ်ကွက်နှင့်
နတ်ချောင်းရပ်ကွက်ကြားရှိ နတ်ချောင်း ဘေးက လမ်းကလေးအကြောင်း တွေးမိ ပါသည်။

နတ်ချောင်းဘေးက လမ်းကလေး

နတ်ချောင်းဘေးက လမ်းကလေးသည် ယခုတော့ ကွန်ကရိ လူသွားလမ်းကလေး ဖြစ်နေပါပြီ။ ယခင်က အုတ်ခဲကျိုးများခင်းထား သော လမ်းဖြစ်သည်။ ခြေချော်မလဲ နိုင်သော်လည်း အုတ်ခဲကျိုးခလုတ်တိုက်
လဲနိုင်ပါသည်။ ကလေးများလဲ တတ်သည်။ ကလေးအမေများက လဲသည့်ကလေးကို ဆူပူတတ်သည်
ကို မြင်တွေ့ရတတ်ပါသည်။ ယခုတော့ ကလေးတွေမလဲတော့ဘူးဟု ထင်နေမိပါသည်။
သို့ပေမယ့် တစ်နေ့က ကွန်ကရိလမ်းပေါ်ပြေးသွားသော ကလေးအရှိန်မထိန်းနိုင်ဘဲ
လဲသွားသည်ကို တွေ့ရပြန်ပါသည်။

မေတ္တာညွန့်မှာ နေထိုင်သော မိတ်ဆွေတစ်ဦးဆီသို့ သွားသည့်အခါတိုင်း မိတ်ဆွေပြောသည့် စကား သတိရမိပါသည်။

''လူဆိုတာ ကိုယ့်လမ်းကိုယ် လျောက်ကြရတာပါ။ ကိုယ့်ရဲ့ အယူ အဆ၊ ခံယူချက်တွေနဲ့ ကိုယ့်ရဲ့ အပြုအမူ အပြောအဆိုတွေဟာ ကိုယ်ဖန်တီးတဲ့
ကိုယ့်ရဲ့ခရီးလမ်းပါပဲ''
မိတ်ဆွေစကားကို နားထောင်ရင်း 'နတ်ချောင်း'အကြောင်း စဉ်းစားမိပါသည်။ တစ်ခါကသည်'နတ်ချောင်း'ဟာ
မန္တလေးမြို့က 'ရွှေတချောင်း'လိုပဲ ဖြစ်ခဲ့လေမလား။

ဆရာကြီးရွှေဥဒေါင်းတို့ ခေတ် က 'ရွှေတချောင်း'ကလှေစီးပြီး ဈေးချိုမှာ ဈေးဝယ်ဈေးရောင်းလုပ်နိုင် ခဲ့ကြသည်။ လှေစီးပြီး မန္တလေးမှ
တောင်ပြုံးပွဲကို သွားနိုင်ခဲ့သည်ဟုလည်း ဖတ်မှတ်ခဲ့ရဖူးသည်။ အခုတော့လည်း
ရွှေတချောင်းသည် ရေဆိုးများစီးဆင်းရာ ရေနုတ်မြောင်း ဖြစ်နေပါပြီ။

သည်'နတ်ချောင်း'သည် တစ်ခါက လှေကလေးများ ၀င်ထွက်ခဲ့ ကြမည်ထင်သည်။ ပုစွန်တောင်ချောင်းမှ တစ်ဆင့်တာမွေဈေးကို ဈေးဝယ်ဈေးရောင်းလာခဲ့ကြမည်
ထင်သည်။ ခုတော့လဲ ရေဆိုးများနှင့် အမှိုက်များမျောပါနေသည့် ရေဆိုး
မြောင်းတစ်ခုဖြစ်နေပါပြီ။ 'အမှိုက်မပစ်ရ'ဟု ရေးထားသည့် စာတမ်းကလေးတစ်ခုလည်း
အမှိုက်များနှင့် အတူ နတ်ချောင်းနွံထဲမှာတွေ့မြင်ခဲ့ ရပါသည်။

ပတ်ဝန်းကျင်မှာ

လူနှင့်ပတ်ဝန်းကျင်သည် အပြန်အလှန် ဆက်နွယ်နေကြပါသည်။ လူ သည် မိမိ၏ ပတ်ဝန်းကျင်ကို ထိမ်း သိန်းစောင့်ရှောက်ရမည့် ကျင့်ဝတ် ရှိသည်ဟု
ဆိုကြပါသည်။ လူနှင့် လူ့အဖွဲ့အစည်းသည်လည် အပြန်အလှန် ဆက်နွယ်နေမည်
ဖြစ်ပါသည်။ အောင်မြင်သော လူ့အဖွဲ့အစည်းနှင့်မအောင်မြင်သော
လူ့အဖွဲ့အစည်းခြားနားချက်သည် ထိုလူ့အဖွဲ့အစည်းအသီးသီးရှိ လူတို့၏
စွမ်းရည်ခြားနားချက်ပင်ဖြစ်ပေမည်။

လူတစ်ဦးချင်း၏ ဘ၀သည်လည်းသူ၏ ပတ်ဝန်းကျင်နှင့် အပြန်အလှန်ဆက်နွယ်နေမည်သာ ဖြစ်ပါသည်။ နတ်ချောင်းဘေးရောက်တိုင်း မိတ်ဆွေတစ်ဦးက သူတွေ့ဖူးသည့်
ချောင်းကလေးတစ်ခုအကြောင်း ပြော ပြသည်ကို သတိရမိပါသည်။

''ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ် နားမှာ ဂျပန်ဒဿနပညာရှင် နီရှီဒါ ကို ဂုဏ်ပြုပြီးပေးထားတဲ့ လူသွားလမ်းလေးရှိတယ်။ လမ်းနာမည်က ဒဿနိကဗေဒလမ်းတဲ့။
နှစ်မိုင်လောက်ရှည်တယ်။ အဲဒီလမ်းလေး ဘေးမှာ ချောင်းလေးတစ်ခုလဲ
စီးဆင်းနေတယ်။ ချောင်းရဲ့ဘေးနား မှာ ချယ်ရီပင်တွေ နှစ်မိုင်လောက်
တန်းစီပြီး စိုက်ထားတယ်။ ချယ်ရီ ပွင့်ချိန်မှာ ပန်းကြည့်ပွဲတော်လုပ်လို့
လူစည်ကားတယ်။ မိသားစုတွေအဖို့ အဖွားနဲ့မြေးအရွယ်တွေလည်း လာ ကြတယ်။ ဒါပေမယ့်
အဲဒီရေမြောင်း ထဲ အဲဒီချောင်းထဲ အမှိုတစ်စမတွေ့ခဲ့ရဘူး။ ချယ်ရီပန်းကြွေလေး
တချို့ သာ ရေစီးမှာမျောပါနေတာတွေ့ခဲ့ရ တယ်။
ဟုတ်ပါသည်။ အမှိုက်တွေစီး ဆင်းသည့် မြောင်းဆိုလျင် ရေဆိုးမြောင်းဖြစ်မည်။ အမှိုက်ချောင်းဟု
အမည်တွင်ပေမည်။ ချယ်ရီပန်းကြွေ လေးတွေစီးဆင်းနေသည့် ဂျပန် ချောင်းကလေးသည်
ချယ်ရီချောင်းဟု ခေါ်နိုင်မည်ထင်သည်။

ကဗျာဆရာ သူငယ်ချင်းတစ်ယောက်

ကဗျာဆရာသူငယ်ချင်းတစ်ယောက် ပြောဖူးသည်ကို အမှတ်ရမိ ပါသည်။ ဈေးက၀ယ်လာသော ပလတ်စတစ်ရေပုံးသည် အိမ်မှာရေမထည့်ဘဲ အမှိုက်ထည့်သည်။ ရေပုံး အမည် ပျောက်သွားသည်။ အမှိုက်
ပုံးဟုသာ ခေါ်တော့သည်။ ပြီးတော့ ကဗျာဆရာက သူ၏ ဇနီးနှင့်အဆင် မပြေသည့်အခါ
ပြောတတ်သည့် စကားကို သတိရမိပါသည်။

''လူတစ်ယောက်မှာ ကောင်း တာလဲရှိမယ် မကောင်းတာလဲရှိမယ်၊ ငါ့ဇနီးက ငါ့ရဲ့မကောင်းတာတွေဘဲ သူ့စိတ်ထဲမှာ အမြဲမှတ်ထားတယ်ပြီး ပြန်ပြန်ပြောတတ်တယ်။ သူ့ရဲ့ စိတ် ကို
ရေပုံးနဲ့ ဥပမာပေးပြီး ကောင်းတဲ့ ရေကိုမထည့်ဘဲ မကောင်းတဲ့အမှိုက် တွေပဲ
ထည့်ထည့် သိမ်းထားရင် မင်းရဲ့ စိတ်ဟာ စိတ်အမှိုက်ပုံးပဲဖြစ်သွား မှာပေါ့လို့
ပြောရတယ်''ကဗျာဆရာစကားကို စဉ်းစား မိပါသည်။ အချို့လူတို့၏ ရင်ထဲက လမ်းသည်
အမှိုက်တွေပြည့်နေပြီး အချို့လူတို့ရဲ့ ရင်ထဲက လမ်းသည် သန့်ရှင်းနေသော
လမ်းဖြစ်ပေမည်။ ရင်ထဲကလမ်းသည် ကောင်းမွန်နေပေမည်။ လူတိုင်းလူတိုင်း၏
ရင်ထဲတွင် လမ်းများရှိနေပေမည်။ လူတစ်ဦးခြင်း၏ ဘ၀ခရီးလမ်းသည် အောင်မြင်မှု
ပန်းတိုင်ကိုသာ ရည်ရွယ်ကြ ပေမည်။ ခရီးလမ်းသည် အခက်အခဲ ရှိနိုင်သည်။ သည်းခံ၍
ခရီးဆက်ကြရသည်။ သည်းခံခြင်းသည် ကိုယ်ကျင့်သီလဖြစ်သည်ဟု ဆိုပါသည်။

မြန်မာမှုနယ်ပယ်၌ ဒါန၊သီလ၊ ဘာဝနာခံယူချက်များရှိသည်။ ဒါန၏ရေသောက်မြစ်သည် စွန့်လွတ် ခြင်းအလောဘဟုဆိုသည်။ သီလ ၏ရေသောက်မြစ်သည် သည်းခံခြင်း
အဒေါသဟုဆိုသည်။ ဘာဝနာ၏ ရေသောက်မြစ်သည် ဉာဏ်ပညာ ရှိခြင်းအမောဟဟု ဆိုပါသည်။

''ပြိုင်လာရင်အရှုံးပေး နှလုံး အေးတဲ့ဆေးဆိုတာ သည်းခံခြင်း ခန္တီ တရားမဟုတ်ပါဘူး'' သည်းခံခြင်း ခန္တီတရားဆိုတာ လောကဓံတရားကို
တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ဖြေရှင်း နိုင်စွမ်းရှိခြင်းကို
ဆိုလိုတာဖြစ်ပါတယ်။ အောင်မြင်စွာ ဖြေရှင်းနိုင်စွမ်း ရှိခြင်းကို
ဆိုလိုတာဖြစ်ပါတယ်။ တချို့က သည်းခံခြင်းကို အရှုံးပေး ခြင်းလို့
အဓိပ္ပာယ်ကောက်လွဲသွား တာပါ။ အားကစားပြိုင်ပွဲတွေမှာ Fair Play
ဆိုတာတရားမျတတဲ့ ပြိုင်ဆိုင်မှုနဲ့ အနိုင်ယူဖို့ ကြိုးစားကြရ တာပါ။
အရှုံးပေးဖို့မဟုတ်ပါဘူး။ သည်းခံတယ်ဆိုတာ တရားမျတစွာ ယှဉ်ပြိုင်ပြီး
နိုင်ရင်လည်း အောင်မြင်မှုကို ဂုဏ်ယူရမှာဖြစ်ပေမယ့် ထောင်လွှားမှုမဖြစ်အောင်
သည်းခံကြရ တယ်။ အလားတူပဲ တရားမျတစွာ ယှဉ်ပြိုင်ပြီး ရှုံးသွားရင်လည်း
ရှုံးနိမ့် မှုကို သင်ခန်းစာယူရမှာဖြစ်ပေမယ့် စိတ်ဓာတ်ကျမှု မဖြစ်အောင်
သည်းခံကြရတယ်'' ဗုဒ္ဓစာပေလေ့လာသူ မိတ်ဆွေတစ်ဦးကပြောပြခြင်ဖြစ်ပါသည်။


အောင်မြင်တဲ့ဆေး

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် တစ်ဦးဖြစ်သူ ဘီလ်ဂိတ်က အောင်မြင်မှု၏ သော့ချက်တစ်ခုသည် သည်းခံမှုဖြစ်သည်ဟု ပြောပါသည်။ သည်းခံမှု
အခြေခံစည်းမျဉ်းဖြင့် ဘီလ်ဂိတ်သည် သူ၏ဘ၀ခရီးလမ်း ကို
အောင်မြင်စွာလျောက်ခဲ့ပေမည်။ ဘီလ်ဂိတ်၏ခံယူချက်တစ်ခုသည် သည်းခံမှုဖြစ်ပေမည်။
သူ၏ရင်ထဲက လမ်းသည် သည်းခံမှုလမ်းဖြစ် ပေမည်။ ''ပြိုင်လာရင် သည်းခံပေး
အောင်မြင်တဲ့ဆေး''ဖြစ်ပေမည်။ သည်းခံမှု အခြေခံစည်းမျဉ်းသည်
တစ်ဦးခြင်းဘ၀ကိုလည်း အောင်မြင်စေမည်။ တစ်ဦးကိုတစ်ဦးလ
အပြန်အလှန်သည်းခံမှုရှိသော အဖွဲ့အစည်း သည်လည်း အောင်မြင်သောအဖွဲ့
လည်းဖြစ်သည်။
လူတစ်ဦးနှင့်တစ်ဦး သည်းခံ နိုင်သည့် အတိုင်းအတာခြားနား သကဲ့သို့ အောင်မြင်မှုအတိုင်းအတာ လည်း ခြားနားနိုင်ပေသည်။ ကိုယ့် ရင်ထဲက
လမ်းဆိုသည်မှာ အောင်မြင်မှုဆီသို့ ဦးတည်နေသည်ဆိုပါက သည်းခံမှုနှင့်လည်း
တွဲဖက်နေမည် ဖြစ်ပါသည်။

မိုးတွင်းမှာလည်း လမ်းချော်တတ်သည့် သမာဓိလမ်းကို သည်းခံ ပြီး သမာဓိဖြင့်လျောက်ခြင်းဖြင့်လို ရာခရီးရောက်နိုင်ခဲ့ကြပါသည်။


ဆင်ခြင်သုံးသပ်မှု

ဆန္ဒပြင်းပြသောသူသည် မည်သည့် အခက်အခဲကိုမဆို မိမိဘ၀ခရီးလမ်းတွင် အောင်မြင်စွာ ဖြတ်သန်းနိုင်သည်။ ၀ီရိယကြီးမားသူသည် မိမိဘ၀ခရီးလမ်းတွင်
မည်သည့် အတားအဆီးကိုမဆို အောင်မြင်စွာအားထုတ်နိုင်သည်။ စိတ်
ဓာတ်ထက်သန်သူသည် မိမိဘ၀ ခရီးပန်းတိုင်သို့ အောင်မြင်စွာ ရောက်စေနိုင်သည်။
ပညာအားကောင်းသူသည် မိမိဘ၀လမ်းကိုပေါက်မြောက်စွာ ဖန်တီးနိုင်ကြသည်ဟု
ဆိုကြပါသည်။ ဘ၀ခရီးလမ်းတွင် အကောင်း အဆိုး လောကဓံများလည်း
ကြုံတွေ့ကြရပါမည်။ လောကဓံအကောင်း ကိုလည်း သည်းခံကြရပါသည်။ အဆိုးကိုလည်း
သည်းခံကြရပါသည်။ သည်းခံခြင်းသည် အရှုံးပေးခြင်း မဟုတ်ပါ။
အောင်မြင်ခြင်းဖြစ်ပါသည်ဟု ဆင်ခြင်မိပါသည်။ သည်းခံခြင်းသည်
မေတ္တာစေတနာဖြစ်စေသည်။ အပြန်အလှန်နားလည်မှု တည်ဆောက်နိုင်သည်။
အပြန်အလှန်ယုံကြည်မှု တည်ဆောက်နိုင်သည်။ အပြန်အလှန်ကူညီမှု တည်ဆောက်နိုင်သည်။
တစ်ဦးကိုတစ်ဦး အဖွဲ့အစည်းတစ်ခုကို တစ်ခုအပြန် အလှန်သည်းခံခြင်းသည်
အောင်မြင် သော လူ့အဖွဲ့အစည်းတစ်ရပ်ကို ဖန်တီးနိုင်မည်ဟု ဆင်ခြင်မိပါသည်။

Friday, March 26, 2010

ကံသုံးပါးကို စင်ကြယ်အောင်

တစ်ခါတုန်းက မြတ်စွာ ဘုရားရှင်ဟာ ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်းမှာ
သီတင်းသုံး နေပါတယ်။ ညနေချမ်း ရောက်တော့ ရှင်ရာဟုလာ သီတင်းသုံးရာ
သရက်ဥယျာဉ်သို့ ကြွတော်မူ ပါတယ်။ ရှင်ရာဟုလာက မြတ်စွာဘုရား အတွက်
နေရာခင်းခြင်း၊ ခြေဆေးပေး ခြင်းများ ပြုပါတယ်။ မြတ်စွာ ဘုရားရှင်က
ရှင်ရာဟုလာ ခင်းထားတဲ့ နေရာမှာ ထိုင်တော်မူပြီး တရားစကား သြ၀ါဒ
ပေးတော်မူပါတယ်။

“ချစ်သား ရာဟုလာ... အလုပ်တစ်ခု လုပ်တော့မယ် ဆိုရင် မလုပ်ခင်
စဉ်းစားလိုက်ပါဦး။ မိမိလုပ်မယ့် အလုပ်ဟာ မိမိကိုယ်ကို ထိခိုက်နိုင်မလား၊
သူတစ်ပါးကို ထိခိုက်နိုင်မလား၊ ထိခိုင်နိုင်မယ် ဆိုရင် မလုပ်ပါနဲ့ တော့။

ချစ်သား ရာဟုလာ... လုပ်ဆဲမှာလည်း စဉ်းစားလိုက် ပါဦး။ မိမိကိုယ်ကို
ထိခိုက်နိုင် မလား၊ သူတစ်ပါးကို ထိခိုက်နိုင် မလား၊ ထိခိုက်နိုင်မယ်
ဆိုရင် မလုပ်ပါနဲ့တော့။

ချစ်သား ရာဟုလာ... လုပ်ပြီးပြန် ရင်လည်း စဉ်းစားလိုက် ပါဦး။
မိမိသူတစ်ပါး ထိခိုက်နိုင်တယ် ဆိုရင် မလုပ်ပါနဲ့တော့။

ချစ်သား ရာဟုလာ... အပြောတစ်ခု ပြောတော့မယ် ဆိုရင်လည်း မပြောခင်
စဉ်းစားလိုက် ပါဦး။ မိမိကိုယ်ကို ထိခိုက်နိုင် မလား၊ သူတစ်ပါးကို
ထိခိုက်နိုင် မလား။ ထိခိုက်နိုင်မယ် ဆိုရင် မပြောပါ နဲ့တော့။

ချစ်သား ရာဟုလာ... ပြောဆဲမှာလည်း စဉ်းစားလိုက် ပါဦး။ မိမိ သူတစ်ပါး
ထိခိုက်နိုင် မလား။ ပြောပြီးပြန် ရင်လည်း စဉ်းစားလိုက် ပါဦး။
ထိခိုက်နိုင်တယ် ဆိုရင် မပြောပါ နဲ့တော့။

ချစ်သား ရာဟုလာ... အတွေးတစ်ခု တွေးတော့မယ် ဆိုရင်လည်း စဉ်းစားလိုက်
ပါဦး။ တွေးဆဲမှာလည်း စဉ်းစားလိုက် ပါဦး။ တွေးပြီးပြန် ရင်လည်း
စဉ်းစားလိုက် ပါဦး။ မိမိ သူတစ်ပါး ထိခိုက်နိုင်တယ် ဆိုရင် မတွေးပါ
နဲ့တော့။”

မြတ်စွာ ဘုရားရှင်က ကံသုံးပါးကို စင်ကြယ်အောင် လုပ်ဖို့ ဟောပြလိုက်တော့
ရှင်ရာဟုလာလည်း ကျေနပ်ပီတိ ဖြစ်သွားပါ တော့တယ်။

(မဇ္ဈိမပဏ္ဏာသပါဠိတော်၊ မဟာရာဟုလောဝါဒသုတ်)

Thursday, March 18, 2010

အဝေးကွင်းများ

★ ပြေးစရာမြေမရှိတော့ရင်
    လှိုဏ်ခေါင်းတူး….
    ပျံလို့မရရင်
    စုန်းမလိုထမီခြုံ
    လင်းတဖြစ်တဲ့အခါ
    ကိုယ်လိုရာကိုပြန်လေတော့ …။

★ လူဆန်ချင်တဲ့ကောင် ဆန်လိုက်
    ညအဆန် ရထားကြီးနဲ့ပဲဖြစ်ဖြစ်
    အညာဆန် သင်္ဘောကြီးနဲ့ပဲဖြစ်ဖြစ်…။

★ မိဘမေတ္တာဆိုတာလည်း ငွေကြေးနဲ့ဖော်ပြမှရမယ့်အရာ
    ကျည်ဆံဆိုတာလည်း ပိုက်ဆံနဲ့ဝယ်မှရတဲ့အရာ
    အချစ်ကိုသက်သေပြဖို့
    ဘဏ်စာရင်း အရင်ပြေးဖွင့်ဦး
    ပြဲနေတဲ့ အိုဇုန်းလွှာအောက်မှာ
    အသဲတွေ လာပြဲပြမနေနဲ့
    တဟားဟား ထိုင်ငိုပစ်လိုက်မတဲ့
    ကိုယ့်ဆီတ၀င်းဝင်းသဲတရှပ်
တရှပ်ကလေးက…။

★ ဒါနဲ့ စကားမစပ်
    သွေးစုနာပေါက်နေလို့ ကိုယ့်ဝန်ရိုးပေါ်ကိုယ်တောင်
    ဖင်တခြမ်းပဲ ခုထိုင်ထားနိုင်တဲ့ ကမ္ဘာကြီးမှာ
    နျူကလီးယားကရော
    ဘယ်သူ့မယားပါသားလဲ…။

★ သားတရားစီရင်ခန်းမှာ
    ဘီလူးမယူနိုက်တက်အသင်းရဲ့
    တိုက်စစ်မှုးဟာ မဟော်သဓာ
    ဘာမှတ်နေလဲ သေနတ်ဆိုတာ
    နတ်တွေတောင် သေတတ်တဲ့အရာ
    ဗိုလ်ရှုခံ သဘင်မှာ
    လောကပါလ နတ်မင်းအပေါင်းတို့လည်း
    သတိဆွဲ စစ်ပုလိပ်လျှောက်နေရ…။

★ ဂျက်အင်ဂျင်မဟုတ်ရင်
    ကောင်းကင်ကဆင်း
    ပြိုင်ကား တစင်းမဟုတ်ခဲ့ရင်တော့
    ကိုယ့်ကိုယ်ကို လမ်းဘေးချရပ်ထား။

★ ခုလာတော့မယ့် ဘောလုံးရာသီ
    ကလပ်အသင်း အရွှေ့အပြောင်းမှာ
    ကိုယ့်ကိုယ်ကို ပေးရမယ့်ပြောင်းရွှေ့ကြေး
    ကြေးကြီးတယ်။ ။
 
 
                                                          အာကာ