လှိုဏ်ခေါင်းတူး….
ပျံလို့မရရင်
စုန်းမလိုထမီခြုံ
လင်းတဖြစ်တဲ့အခါ
ကိုယ်လိုရာကိုပြန်လေတော့ …။
★ လူဆန်ချင်တဲ့ကောင် ဆန်လိုက်
ညအဆန် ရထားကြီးနဲ့ပဲဖြစ်ဖြစ်
အညာဆန် သင်္ဘောကြီးနဲ့ပဲဖြစ်ဖြစ်…။
★ မိဘမေတ္တာဆိုတာလည်း ငွေကြေးနဲ့ဖော်ပြမှရမယ့်အရာ
ကျည်ဆံဆိုတာလည်း ပိုက်ဆံနဲ့ဝယ်မှရတဲ့အရာ
အချစ်ကိုသက်သေပြဖို့
ဘဏ်စာရင်း အရင်ပြေးဖွင့်ဦး
ပြဲနေတဲ့ အိုဇုန်းလွှာအောက်မှာ
အသဲတွေ လာပြဲပြမနေနဲ့
တဟားဟား ထိုင်ငိုပစ်လိုက်မတဲ့
ကိုယ့်ဆီတ၀င်းဝင်းသဲတရှပ်
★ ဒါနဲ့ စကားမစပ်
သွေးစုနာပေါက်နေလို့ ကိုယ့်ဝန်ရိုးပေါ်ကိုယ်တောင်
ဖင်တခြမ်းပဲ ခုထိုင်ထားနိုင်တဲ့ ကမ္ဘာကြီးမှာ
နျူကလီးယားကရော
ဘယ်သူ့မယားပါသားလဲ…။
★ သားတရားစီရင်ခန်းမှာ
ဘီလူးမယူနိုက်တက်အသင်းရဲ့
တိုက်စစ်မှုးဟာ မဟော်သဓာ
ဘာမှတ်နေလဲ သေနတ်ဆိုတာ
နတ်တွေတောင် သေတတ်တဲ့အရာ
ဗိုလ်ရှုခံ သဘင်မှာ
လောကပါလ နတ်မင်းအပေါင်းတို့လည်း
သတိဆွဲ စစ်ပုလိပ်လျှောက်နေရ…။
★ ဂျက်အင်ဂျင်မဟုတ်ရင်
ကောင်းကင်ကဆင်း
ပြိုင်ကား တစင်းမဟုတ်ခဲ့ရင်တော့
ကိုယ့်ကိုယ်ကို လမ်းဘေးချရပ်ထား။
★ ခုလာတော့မယ့် ဘောလုံးရာသီ
ကလပ်အသင်း အရွှေ့အပြောင်းမှာ
ကိုယ့်ကိုယ်ကို ပေးရမယ့်ပြောင်းရွှေ့ကြေး
ကြေးကြီးတယ်။ ။
အာကာ
No comments:
Post a Comment